မြန်မာ ယူ-၁၆ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား ပြောင်းလဲခန့်အပ်

mdn

ရန်ကုန် ၂၆ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၁၆ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။

 

ဦးချစ်နိုင်သည် မြန်မာ ယူ-၂၂/ယူ-၂၁ အသင်း၏ လက်ထောက်နည်းပြအဖြစ် ကာလရှည် ဆောင်ရွက်နေသူဖြစ်ပြီး လူငယ်ကစားသမားများအား ပြုစုပျိုးထောင်မှုနှင့် စည်းကမ်းပိုင်း ကောင်းမွန်မှုတို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက မြန်မာ ယူ-၁၆ အမျိုးသား အသင်းနည်းပြချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဦးချစ်နိုင်သည် ကိုရိုနာဗိုင်းရပ်စ်အပြီးတွင် မြန်မာ ယူ-၁၆ အသင်း၏နည်းပြချုပ်အဖြစ် စတင်တာဝန်ယူမည်ဖြစ်ပြီး အသင်းအား စတင်လေ့ကျင့် မည်ဖြစ်သည်။

 

မြန်မာ ယူ-၁၆ အသင်း၏ ယခင်နည်းပြချုပ်ဖြစ်သူ ဦးမင်းသူကိုမူ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ပေးအပ်မည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၁၆ ပြိုင်ပွဲသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကျင်းပသည့်ကာလအပေါ်မူတည်၍ လေ့ကျင့်ပြင်ဆင် သွားမည်ဖြစ်သည်။ ဦးချစ်နိုင်သည် မြန်မာ ယူ-၁၉ အသင်းကိုလည်း နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ယူ-၁၆ အသင်းကို ထပ်မံတာဝန်ပေးခံရခြင်းဖြစ်သည်။ ဦးချစ်နိုင်သည် ကစားသမားများအား ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး နည်းပြအဖွဲ့ဝင်များကိုလည်း ထပ်မံရွေးချယ်ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် MFF Youth အသင်းအမည်ဖြင့် ၂၀၂၀ ရာသီ MNL ယူ-၁၉ အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

 

မြန်မာ ယူ-၁၆ အသင်းသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း နည်းပြချုပ်အပြောင်းအလဲများခဲ့သည့် အသင်းဖြစ်ပြီး နောက်ဆုံးကိုင်တွယ်ခဲ့သည့် ဦးမင်းသူသည် ၂၀၁၉ နှစ်လယ်ပိုင်းတွင် စတင်တာဝန် ပေးအပ်ခံရပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေ့ကျင့်မှုမရပ်မီအထိ တာဝန်ယူခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်