မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း အမျိုးသမီးလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်

ဇူလိုင် ၄

 

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယခုနှစ်တွင် ကျင်းပမည့် အမျိုးသမီးလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း ပြိုင်ပွဲအတွေ့အကြုံရစေရန် လိဂ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ပြီး အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပမည့်ရက်နှင့် အသင်းများအတည်ပြုပါက တစ်ပေါင်းတည်း အတည်ပြုမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်လက်ရွေးစင် အမျိုးသားအသင်းများကိုလည်း အတွေ့အကြုံရစေရန် လူငယ်လိဂ်နှင့် MNL-2 ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်စေလျက်ရှိပြီး ယူ-၁၈ အမျိုးသမီးအသင်းကိုလည်း ယင်းကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ ယင်းအသင်းသည် မေလဆန်းတွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ရောဂါအပေါ်မူတည်၍ သြဂုတ်တွင် ပြန်လည်လေ့ကျင့်နိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။ မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၁၉ အသင်းမှ အသက်မီသူများကို အခြေခံကာ ယူ-၁၆ အသင်းမှ ကစားသမားအများစုဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပမည့်ရက် သတ်မှတ်ရခြင်းမရှိသေးပေ။ ယင်းအသင်းကို ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် ဝင်ခွင့်ရရန်အထိ ရည်မှန်းထားပြီး ယခုနှစ်တွင် အသက် ၁၈ နှစ်အောက်အသင်းအဖြစ် စတင်ပြင်ဆင်ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်