မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မည့် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်ရက် အတည်ပြု

ရန်ကုန် ၂၂ နိုဝင်ဘာ

မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၁ ခုနှစ် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၄၀ မျိုး ထည့်သွင်းကျင်းပမည် ဖြစ်သည်။

နိုဝင်ဘာ ၂၀ ရက်ကပြုလုပ်သည့် ဆီးဂိမ်းအဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများကို အတည်ပြုခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံများ တောင်းဆိုထားသည့် အားကစားနည်းအချို့နှင့် ပတ်သက်၍ ဆီးဂိမ်းအဖွဲ့ချုပ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီတို့ တွေ့ဆုံရာတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်အိုလံပစ်ကော်မတီသည် ဇူလိုင်တွင် အားကစားနည်း ၃၆ မျိုးစာရင်းအား စတင်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာတွင် အားကစားနည်း လေးမျိုး ထပ်တိုးခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်၊ ကာယဗလ၊ လက်ဝှေ့၊ ကနူး/ကယက်၊ စစ်တုရင်၊ စက်ဘီး၊ Dancesport ၊ ဒိုင်ဗင်၊ ဓားရေး၊ ဘောလုံး၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ Handball၊ ကရာတေး၊ ကစ်ဘောက်ဆင်၊ Kurash၊ ဂျူဒို၊ မွေထိုင်း၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ အပြည်ပြည်ဆိုင်ရာ လှေ၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ ဝူရှူး၊ esport၊ ဂျူဂျစ်ဆု၊ ဘိုးလင်းနှင့် သုံးမျိုးစုံ (Triathlon)  အားကစားနည်းများ ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲတွင် ရိုးရာလှေ၊ ခြင်းလုံးနှင့် ဟော်ကီအားကစားနည်းများ ထပ်တိုးပေးရန် တောင်းဆိုခဲ့သော်လည်း ဗီယက်နမ်နိုင်ငံက အားသာခြင်းမရှိသောကြောင့် ထည့်သွင်းကျင်းပခြင်းမရှိကြောင်း သိရသည်။ ပြိုင်ပွဲကို ဟနွိုင်းမြို့တွင် အဓိကကျင်းပမည်ဖြစ်ပြီး ဟနွိုင်းနှင့် အနီးတဝိုက်မြို့များတွင်လည်း ကျင်းပရန် စီစဉ်ထားသည်။

မြန်မာအားကစားအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ အစောဆုံး နှစ်ကုန်ပိုင်းဝန်းကျင်မှသာ စတင်လေ့ကျင့်နိုင်ဖွယ်ရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကို လာမည့်နှစ်မှသာ ရွေးချယ်ဖွယ်ရှိနေသည်။

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်