မြန်မာအိုင်ဒေါပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရသည့် နော်စေးစေးထူးအား မြစ်ကြီးနားလေဆိပ်တွင် ကြိုဆို

မြစ်ကြီးနား  ၁၂   ဒီဇင်ဘာ

 

ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာအိုင်ဒေါပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရသူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ နော်စေးစေးထူးသည်  ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာရာ မြစ်ကြီးနားလေဆိပ်တွင် ပရိသတ်များမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

 

"မြန်မာအိုင်ဒေါပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရပေမယ့် အားလုံးရဲ့အသိအမှတ်ပြုခြင်းခံရတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့တဲ့အတွက် ရှေ့ဆက်ပြီး သီချင်းတွေအများကြီး သီဆိုချပြသွားပါမယ်၊ ကချင်ပြည်နယ်အတွင်းမှာလည်း အသံကောင်းတဲ့သူတွေရှိပါတယ် ဒါကြောင့်မို့ မိမိတို့ ပြည်နယ်ကို ဂုဏ်ဆောင်နိုင်တဲ့သူတွေဖြစ်အောင် ပြိုင်ပွဲတွေရှိရင် ဝင်ရောက်ယှဉ်ပြိုင်စေချင်ပါတယ်၊ စေးစေးရဲ့ We Love တွေနဲ့ပတ်သက်ပြီး ရန်ကုန်အထိ လာရောက်အားပေးတဲ့သူတွေရှိသလို အခုလိုအိမ်အပြန်ခရီးမှာ လာရောက်ကြိုဆိုပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်" ဟု မြစ်ကြီးနားလေဆိပ်သို ရောက်ရှိစဉ် နော်စေးစေးထူးက ပြောကြားခဲ့သည်။

 

နော်စေးစေးထူးသည် ဒီဇင်ဘာ ၆ ရက် Result Show ညတွင် Voting ရလဒ် အနည်းဆုံးရရှိခဲ့၍ မြန်မာအိုင်ဒေါပြိုင်ပွဲ Season 4 Top 5 မှ နှုတ်ဆက်ထွက်ခွာခဲ့ရသည်။

 

ဝင်းနိုင်(ကချင်မြေ)