မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို လာမည့်နှစ် စက်တင်ဘာတွင် ကျင်းပရန် စီစဉ်

mdn

ရန်ကုန် ၂၁ အောက်တိုဘာ

 

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲကို လာမည့်နှစ် စက်တင်ဘာတွင် ကျင်းပရန် စီစဉ်ထားသည်။ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ကျင်းပမည့်ပြိုင်ပွဲများနှင့် ခြေစစ်ပွဲများကို ထုတ်ပြန်ခဲ့ရာ ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် အာရှဖလားခြေစစ်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအခြေအနေအပေါ်မူတည်၍ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်လယ်ပိုင်းတွင် နည်းပြချုပ်သစ် ခန့်အပ်ခဲ့ပြီး ယာယီနည်းပြ ဦးတင်မြင့်အောင်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ကပ်ရောဂါအခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ နှစ်ကုန်ပိုင်းမှသာ အစောဆုံးလေ့ကျင့်နိုင်မည်ဖြစ်သည်။ လာမည့်နှစ်တွင် ပြိုင်ပွဲများ ပုံမှန်အတိုင်း ကျင်းပနိုင်ပါက မြန်မာအမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လာမည့်နှစ်တွင် ကျင်းပမည့်ပြိုင်ပွဲများအားလုံး အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နှစ်ကုန်ပိုင်းမှသာ အတည်ပြုဖွယ်ရှိနေသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဖေဖော်ဝါရီလက ယှဉ်ပြိုင်ခဲ့သည့် တိုကျိုအိုလံပစ် တတိယအဆင့် ခြေစစ်ပွဲပြီးကတည်းက လေ့ကျင့်မှုရပ်နားထားရခြင်းဖြစ်ပြီး နည်းပြချုပ်သစ် ဦးတင်မြင့်အောင်အနေဖြင့် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ရန် စီစဉ်ထားသည်။ မြန်မာအမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် ပုံမှန်အတိုင်း လေ့ကျင့်ခွင့်ရပါက ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများစွာ ကစားရန် စီစဉ်ထားကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်