မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ကာကွယ်ဆေးများ ပို့ဆောင်ရန် အိန္ဒိယနိုင်ငံ စီစဉ်

နယူးဒေလီ၊ ၁၉ ဇန်နဝါရီ

 

ကာကွယ်ဆေး သံခင်းတမန်ခင်း အစီအစဉ်အရ လာမည့်သီတင်းပတ်များအတွင်း အိမ်နီးချင်းနိုင်ငံများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပို့ဆောင်ရန် အိန္ဒိယနိုင်ငံက စီစဉ်လျက်ရှိသည်။

 

ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်များ စတင်နိုင်ရန် အိန္ဒိယနိုင်ငံက အိမ်နီးချင်း နိုင်ငံများဖြစ်သော နီပေါ၊ ဘူလ်တန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်နှင့် မောရစ်သျှနိုင်ငံများသို့ ကာကွယ်ဆေးများ ပထမဆုံးပေးပို့မည်ဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံများက ငွေကြေးပေးချေမှုအပေါ် မူတည်၍ Serum Institute သို့မဟုတ် Bharat Biotech မှ ဗိုင်းရပ်စ်ကာကွယ်ဆေးများ ရရှိမည်ဖြစ်သည်။

 

အိန္ဒိယနိုင်ငံက ဇန်နဝါရီ ၁၆ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် စတင်ခဲ့ပြီး ပထမရက်အတွင်းမှာပင် လူပေါင်း ၁၉၀၀၀၀ ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ဗိုင်းရပ်စ် ကာကွယ်ဆေးများ ဝယ်ယူရန် Serum Institute နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာအစိုးရက ကြေညာခဲ့သည်။

 

အိန္ဒိယနိုင်ငံက ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထောက်ပံ့မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ချန်ကာက သီရိလင်္ကာခေါင်းဆောင်ပိုင်းသို့ ကတိပြုခဲ့သည်။

 

ကိုးကား - အီကော်နောမစ်တိုင်းမ်

ဘာသာပြန် - ကျော်ထိုက်စိုး