မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ ရုပ်သံလွှင့်ကုမ္ပဏီများအကြား ပေးသွင်းရမယ့်ငွေများကတော့ တစ်စုံတစ်ရာဆုံးရှုံးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူးလို့ ပြောကြားလို

၂၁ သြဂုတ်


ဩဂုတ်  ၁၉  ရက်ကကျင်းပသည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော  ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ်   ပြည်ထောင်စု၏  ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်   စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ (၁၁/၂၀၁၉) တို့အပေါ်  ဒလမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၏  ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်အား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည် –


မေး။  ။  ရုပ်သံလွှင့်ကုမ္ပဏီတွေအနေနဲ့ စာချုပ်ပါစည်းကမ်းတွေအရ ပေးသွင်းရမယ့်ငွေတွေကို မပေးသွင်းဘဲ ဒဏ်ကြေးပဲပေးဆောင်နေတာ သူတို့ကိုလှည့်သုံးဖို့အခွင့်အရေးပေးနေသလိုဖြစ်နေတယ်လို့ မနေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒလမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ဆွေးနွေးခဲ့ပါတယ်။ ဒီလိုအခြေအနေ ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကို သိပါရစေ။


ဖြေ။  ။ ပထမဆုံးအနေနဲ့   ကျွန်တော်တို့    မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေနဲ့ရော၊ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ရော မည်သည့်ကုမ္ပဏီအဖွဲ့အစည်းကိုမှ အခွင့်အရေးပေးထားခြင်း၊  ကင်းလွတ်ခွင့်ပြုထားခြင်း၊ လုပ်သာကိုင်သာရှိအောင်  အခွင့်အလမ်း  ဖန်တီးပေးထားခြင်းမျိုး  လုံးဝ မရှိပါဘူးလို့ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။  လွှတ်တော်ကိုယ်စားလှယ်ကြီး ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက ကုန်လွန်ခဲ့ပြီးဖြစ်တဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကြွေးကျန်ဖြစ်ပေါ်ခဲ့မှုအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဲ့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း  ပူးပေါင်းကော်မတီတို့က ထောက်òန်တဲ့သတ်မှတ်ကာလအတွင်း အချိန်မီ  ငွေပေးသွင်းမှုမရှိဘဲ  ဒဏ်ကြေးပေးဆောင်မှုနဲ့    နောက်ကျပေးသွင်းမှုဖြစ်ပွားခဲ့ရတဲ့ဖြစ်စဉ်အပေါ် ဆွေးနွေးသွားခြင်း ဖြစ်ပါတယ်။


ဒီလိုဆွေးနွေးရာမှာလည်း  ရုပ်သံလွှင့်ကုမ္ပဏီများက  ပေးသွင်းရမယ့်၃  ဒသမ  ၂၅  ဘီလီယံအစား  တစ်လကို  ဒဏ်ကြေးငွေ  တစ်ရာခိုင်နှုန်းနဲ့ပေးသွင်းနေမှုကို ထောက်ပြဆွေးနွေးသွားတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပေါ် ရတဲ့အကြောင်းရင်းကို အတိုချုပ်ပြီး ရှင်းပြရရင် ဒါက၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့စာချုပ်ပါ အချက်များအတိုင်း ဆောင်ရွက်နေရင်းက ဖြစ်ပေါ်လာရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။  စာချုပ်ပါအချက်အရ  ပေးသွင်းရမယ့်ငွေကို သုံးလတစ်ကြိမ်သတ်မှတ်ပြီး စတုတ္ထမြောက်လမှာ ပေးသွင်းရတဲ့စနစ်ဖြစ်ပါတယ်။ ပေးသွင်းရမယ့် လထက် တစ်လနောက်ကျရင် သွင်းရမယ့် ငွေကြေးရဲ့ တစ်ရာခိုင်နှုန်းကိုဒဏ်ကြေးအဖြစ် ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလိုသတ်မှတ်ချက်တွေအရ သတ်မှတ်ကာလအတွင်း မပေးသွင်းနိုင်တဲ့အခါမှာ နောက်ကျတဲ့ လအလိုက် ဒဏ်ကြေးပေးဆောင်ရတာမျိုးဖြစ်ပါတယ်။


ဒီနေရာမှာ ၃ ဒသမ ၂၅ ဘီလီယံလုံးကို နှစ်လုံးပေါက် မပေးသွင်းဘဲဒဏ်ကြေးပဲ  ပေးဆောင်နေခဲ့တာမျိုးတော့  မဟုတ်ပါဘူး။  ၃  ဒသမ  ၂၅  ဘီလီယံဆိုတာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် ပေးသွင်းရမယ့်ငွေပမာဏဖြစ်ပြီး ဒါကို သုံးလတစ်ကြိမ် အရစ်ကျပေးသွင်းသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတ်မှတ်လတွေမှာ ပေးသွင်းနိုင်ခြင်းမရှိခဲ့ဘဲ၂၀၁၈ ခုနှစ် မေလ၊ ဇွန်လ ၊ ဇူလိုင်လ ၊ ဩဂုတ်လ ၊  စက်တင်ဘာလများမှာ  ပထမအရစ်၊ ဒုတိယ အရစ်၊ တတိယအရစ် စသဖြင့် သတ်မှတ်ဒဏ်ကြေးများအပါအဝင်  ပေးသွင်း နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို နောက်ကျပေးသွင်းနေတဲ့ အနေအထားမျိုး   နောင်အလားတူ   မဖြစ်ရလေအောင်  သက်ဆိုင်ရာ တို့က ထောက်ပြဆွေးနွေး ခဲ့တာဖြစ်တယ်လို့ မှတ်ယူပါတယ်။


မေး။  ။ ရုပ်သံလွှင့်ကုမ္ပဏီတွေအနေနဲ့ ၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ လက်ရှိမှာလုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီးတော့ အားနည်းချက်၊ အားသာချက်တွေအပေါ် အမြဲတမ်းအတွင်းဝန်ရဲ့ အမြင်သဘောထားကို သိပါရစေ။ အားနည်းချက်တွေကို ဘယ်လိုပြင်ဆင်သွားသဘောထားကို သိပါရစေ။ 


ဖြေ။  ။ ဒီလိုဖြစ်စဉ်မျိုး ထပ်ပြီးမဖြစ်အောင် ကျွန်တော်တို့ ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါ  မူလစာချုပ်အရ  ဒီလိုဖြစ်စဉ်မျိုးကို ဖြစ်ပွားနေစေတဲ့တစ်နည်းအားဖြင့် ငွေကြေးပေးသွင်းမှုအပိုင်းမှာ  အားနည်းချက်ရှိနေစေတဲ့အချက်တွေကို မဖြစ်မနေပြင်ဆင်ဖို့  လိုအပ်တယ်ဆိုတာ  တွေ့လာရပါတယ်။ နောက်ကျဒဏ်ကြေးကို တစ်လ တစ်ရာခိုင်နှုန်းနဲ့ ပုံသေကောက်ခံနေမှု(အစား) ထိရောက်တဲ့ ဒဏ်ကြေးငွေနှုန်းထားတစ်ခု ပြင်ဖို့လိုမယ်၊ နောက်ကျပေးသွင်း နိုင်တဲ့ကာလကိုလည်း      အတိုင်းအတာတစ်ခုအထိ  သတ်မှတ်ဖို့လိုမယ်၊ သတ်မှတ်တဲ့ အတိုင်းအတာထက် ကျော်လွန်ခဲ့ရင် အရေးယူဆောင်ရွက်မှုကို ဘယ်လိုလုပ်မယ်ဆိုပြီး  ချမှတ်ထားဖို့လိုတယ်ဆိုတာ  တွေ့လာရပါတယ်။ ဒီလိုအပ်ချက်တွေကို ပြင်ဆင်ဖို့ မူလစာချုပ်အပေါ်မှာ ပြဋ္ဌာန်းချက်တွေနဲ့အညီအဆင့်ဆင့် ဆောင်ရွက်ခဲ့ပါတယ်။


မူလချုပ်ထားတဲ့ စာချုပ်အရ စာချုပ်ပါအချက်တွေကို ပြင်ဆင်မယ်ဆိုရင်နှစ်ဦးနှစ်ဖက်  သဘောတူညီမှ  ပြင်ဆင်နိုင်ပါတယ်။  ကျွန်တော်တို့ဘက်က ပြင်ဆင်လိုတဲ့အချက်တွေ ပြုစုပြီး ပေးပို့တဲ့အခါ ဒီအပေါ်မှာ တစ်ဖက်က ပြန်ပြင်လိုတဲ့အချက်တွေ၊ နောက်ထပ်သူတို့အနေနဲ့ ပြင်ဆင်ချင်တဲ့အချက်တွေ၊ ဖြည့်စွက်ချင်တာတွေ စသဖြင့် အပြန်အလှန် ညှိနှိုင်းကြရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။


တစ်ဖက်ကလည်း  စာချုပ်ပြင်ဆင်ရေးကို  ဆောင်ရွက်သလို  တစ်ဖက်ကလည်း ကြွေးကျန်ပမာဏ မများရအောင် ၊ နောက်ကျပေးသွင်းတဲ့ကာလတွေ မကြာမြင့်ရလေအောင် ရုံးစာနဲ့ တရားဝင်အကြောင်းကြားမှုတွေ၊ သတ်မှတ်ကာလမကျော်လွန်ရလေအောင် သတိပေးမှုတွေ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သလို ရုပ်သံလွှင့်အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့ရဲ့    တစ်လခွဲတစ်ကြိမ်   ကျင်းပပြုလုပ်တဲ့အစည်းအဝေးများမှာ အစီအစဉ်တစ်ခုအနေနဲ့ ထည့်သွင်းပြီး သတ်မှတ်ကာလအတွင်း ပေးဆောင်ရမယ့်ငွေများ ပေးသွင်းဖို့၊ နောက်ကျတဲ့ကာလ မကြာမြင့်စေဖို့ ၊ အခုလို နောက်ကျဒဏ်ကြေး ပေးဆောင်နေမှုအပေါ်မှာ သက်ဆိုင်ရာ  လွှတ်တော်နဲ့  စာရင်းစစ်ချုပ်ရုံးများရဲ့  ထောက်ညွှန်မှု၊  ဖြေရှင်းဆောင်ရွက်နေရမှုတွေကို   ရှင်းလင်းပြောကြားပြီး   နှိုးဆော်ဆောင်ရွက်မှုများ  လုပ်ခဲ့ပါ တယ်။


တစ်ဖက်ကလည်း ကြွေးကျန်ပမာဏများတဲ့ဖြစ်စဉ်တွေ မဖြစ်ရလေအောင်အဓိကကျတဲ့  အချက်နှစ်ချက်ကို  စာချုပ်မှာ  ပြင်ဆင်ဖြည့်စွက်ဖို့ ရုပ်သံလွှင့်ကုမ္ပဏီများနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်လို့ ပြင်ဆင်ချုပ်ဆိုမယ့် စာချုပ်ကိုပြည်ထောင်စုရှေ့နေချုပ်ရုံး၊      စီမံကိန်းနှင့်      ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို သဘောထားမှတ်ချက်များ တောင်းခံထားပြီးဖြစ်ပါတယ်။ အကြံပြုလာတဲ့သဘောထားမှတ်ချက်တွေနဲ့အညီ စာချုပ်ပြင်ဆင်ချုပ်ဆိုနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


မေး။  ။  စာချုပ်မှာ ပြင်ဆင်ဖြည့်စွက်တဲ့ အချက်တွေကို ရှင်းပြပေးစေလိုပါတယ်။ ဒီလိုပြင်လိုက်ခြင်းအားဖြင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာလည်း သိရပါစေ။ 


ဖြေ။  ။ ပြင်ဆင်ရာမှာ  ပထမတစ်ချက်ကတော့ အရင်လိုနောက်ကျဒဏ်ကြေးကို  တစ်လတစ်ရာခိုင်နှုန်း ပုံသေမသတ်မှတ်ဘဲ ပထမလ တစ်ရာခိုင်နှုန်း၊ ဒုတိယလ ထပ်တိုး ၁ ဒသမ ၅ ရာခိုင်နှုန်း၊ တတိယလထပ်တိုး  နှစ်ရာခိုင်နှုန်း စသဖြင့်တိုးပြီး  ယခင်လက  ဒဏ်ကြေးနဲ့  ပေါင်းပြီးဆောင်ရတဲ့  ဒဏ်ကြေး တိုးစနစ် ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။ ပြောရရင် -


(၁)လ နောက်ကျလျှင်       
ဒဏ်ကြေး ၁ ရာခိုင်နှုန်း  =  ၁ ရာခိုင်နှုန်း  
(၂)လ နောက်ကျလျှင်       
ဒဏ်ကြေး ၁ ရာခိုင်နှုန်း + ၁.၅ ရာခိုင်နှုန်း   =  ၂.၅ ရာခိုင်နှုန်း  
(၃)လ နောက်ကျလျှင်       
ဒဏ်ကြေး ၂.၅ ရာခိုင်နှုန်း + ၂ ရာခိုင်နှုန်း   =  ၄.၅ ရာခိုင်နှုန်း  
(၄)လ နောက်ကျလျှင်       
ဒဏ်ကြေး ၄.၅ ရာခိုင်နှုန်း + ၂.၅ ရာခိုင်နှုန်း =  ၇ ရာခိုင်နှုန်း  
(၅)လ နောက်ကျလျှင်       
ဒဏ်ကြေး ၇ ရာခိုင်နှုန်း + ၃ ရာခိုင်နှုန်း  =  ၁၀ ရာခိုင်နှုန်း 
(၆)လ နောက်ကျလျှင်       
ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း + ၃.၅ ရာခိုင်နှုန်း  =  ၁၃.၅ ရာခိုင်နှုန်း


နောက်တစ်ချက်ကတော့ ယခင်ကမပါရှိခဲ့တဲ့ နောက်ကျနိုင်တဲ့ ကာလကန့်သတ်ချက်  ထည့်သွင်းခြင်းဖြစ်ပါတယ်။  (၆)လအထိ  ဆက်တိုက်ပေး သွင်းခြင်း မရှိဘူးဆိုရင် သတ်မှတ်ဒဏ်ကြေး ပေးဆောင်နေပေမယ့်လည်း စာချုပ်ပိတ်သိမ်းပြီး အရေးယူနိုင်ဖို့ကို ဝန်ကြီးဌာနကို တင်ပြဆောင်ရွက်ခွင့်ရှိတယ်လို့ ဖြည့်စွက်ထည့်သွင်းခဲ့တဲ့အချက်ဖြစ်ပါတယ်။


ဒီလို  ပြင်ဆင်ဖြည့်စွက်နိုင်ခြင်းအားဖြင့်  ဒဏ်ကြေးစနစ်တိုးမြှင့်လာမှု၊ ကာလကန့်သတ်ချက် ရှိလာမှု ၊ ကန့်သတ်ချက် ကျော်လွန်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အရေးယူဆောင်ရွက်နိုင်မှုတို့ကြောင့်        ပေးသွင်းရမယ့်ငွေများကို သက်ဆိုင်ရာကာလအလိုက်  ပေးသွင်းနိုင်တဲ့အခြေအနေကို ပိုမိုဖြစ်ပေါ်စေပြီး  သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက်  လျာထားရရှိငွေကို တိုးပွားစေမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ဖြစ်ပေါ်ခဲ့တဲ့အခြေအနေမျိုး  ထပ်မံမဖြစ်ပွားနိုင်အောင် ထိရောက်တဲ့ဆောင်ရွက်မှုမျိုး ဖြစ်ပါတယ်။


မေး။ ။ ရုပ်သံလွှင့်ခတွေကို တခြားမှာ လှည့်သုံးသလိုဖြစ်နေတယ်၊ ပြည်သူ့ဘဏ္ဍာတွေဆုံးရှုံးမှုရှိတယ်ဆိုပြီး ပြောနေကြတဲ့အပေါ်ဘာများ ပြောကြားချင်ပါသလဲ။ 


ဖြေ။  ။ ရုပ်သံလွှင့်ကုမ္ပဏီများကို စာချုပ်ပါအချက်များအတိုင်း တိကျစွဆောင်ရွက်ခဲ့တယ်ဆိုတာ  ပြောကြားခဲ့ပြီးဖြစ်ပါတယ်။  စာချုပ်ပါ အချက်တွေဟာ  အားနည်းမှုတွေ ရှိခဲ့တဲ့အပေါ်  ပြင်ဆင်မှုတွေလည်း  လုပ်နေပြီဖြစ်ပါတယ်။ ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုဆိုတာကတော့ ရရှိရမယ့် ဘဏ္ဍာငွေလုံးဝမရရှိတော့ဘဲ အချည်းနှီးဆုံးရှုံးသွားတာကို ဆိုလိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနဲ့ ရုပ်သံလွှင့်ကုမ္ပဏီများအကြား    ပေးသွင်းရမယ့်ငွေများကတော့  တစ်စုံတစ်ရာ   ဆုံးရှုံးခဲ့ခြင်းမျိုး  မရှိခဲ့ပါဘူး။ နောက်ကျပေးသွင်းခဲ့မှုကလည်း စာချုပ်ပါ ဒဏ်ကြေးများအတိုင်း  ပေးသွင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးမှုရှိတယ်ဆိုတဲ့အချက်ကတော့ လုံးဝမှန်ကန်မှုမရှိပါဘူးလို့ ပြောကြားလိုပါတယ်။


မေး။ ။ လွှတ်တော်မှာဒီကိစ္စနဲ့ပတ်သက်ပြီး စာချုပ်တွေကိုပြန်လည်သုံးသပ်ပြီး ပြင်ဆင်ချုပ်ဆိုမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြန်လည်ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာထပ်မံနဲ့  ပြန်လည်ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ  ထပ်မံဖြည့်စွက်ပြောချင်တာများရှိပါသလား။ 


ဖြေ။  ။   ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အပေါ်မှာ ထောက်ညွှန်ခဲ့တဲ့အချက်များအပေါ် အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ ဆောင်ရွက်မယ့်အစီအမံတွေကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ လွှတ်တော်တို့ထံရှင်းလင်းတင်ပြခဲ့ပြီး  ဖြစ်ပါတယ်။ ဒီလိုရှင်းလင်းတင်ပြချက်အပေါ်မှာလည်း  ဒီကိစ္စရပ်ကို  ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်ကြီးအနေနဲ့  လက်ခံတဲ့အကြောင်း သူ့ရဲ့ဆွေးနွေးချက်ထဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ တကယ်တော့ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တွေ့မြင်ရတဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်မှုများအပေါ် ကျွန်တော်တို့အနေနဲ့  ကြိုဆိုလက်ခံရမှာဖြစ်ပါတယ်။  တစ်ဖက်ကလည်း ကျွန်တော်တို့ရဲ့ဌာန၊ အဖွဲ့အစည်းအနေနဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊  လုပ်ထုံးလုပ်နည်းတွေနဲ့အညီ  စနစ်တကျ  ဆောင်ရွက်လျက်ရှိတယ်ဆိုတာကို သိရှိနားလည်စေချင်ပါတယ်။ အခုဆိုရင် ကိုယ်စားလှယ်တော်ကြီး သိချင်တဲ့အချက်တွေကို အကျိုးအကြောင်းနဲ့ ရှင်းလင်းပြောကြားနိုင်ခဲ့တဲ့အတွက် ကိုယ်စားလှယ်တော်ကြီးအပြင် အများပြည်သူပါ သိရှိသွားပြီဖြစ်လို့များစွာအကျိုးရှိတယ်လို့ ယုံကြည်ပါတယ်။ အခုလို လာရောက်မေးမြန်းတဲ့မြန်မာ့သတင်းစဉ်ကိုလည်း  အထူးကျေးဇူးတင်ရှိကြောင်း  ပြောကြားလိုပါတယ်။


သတင်းအဖွဲ့