မြန်မာစာနှင့် ပါဠိ(၁၀)

မောင်ခင်မင် (ဓနုဖြူ)

 

“ပြောဖို့ကျန်ခဲ့တာ တစ်ခုသတိရလို့...”

“ဘာပါလဲဆရာ”

“ပါဠိပါဌ်ဆင့်တွေအကြောင်းပြောတုန်းက ဝဂ်အက္ခရာချင်းဆင့်တဲ့စနစ်ကို ပြောကြတယ်လေ။ ဝဂ်အက္ခရာမဟုတ်တဲ့    အ-ဝဂ်    အက္ခရာတွေ ဆင့်တဲ့စနစ်အကြောင်း ကျန်သွားတယ်”

“ဪ...ဟုတ်ကဲ့ပါ။ အ-ဝဂ်အက္ခရာဆိုတော့ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ ပေါ့နော် ဆရာ”

“ဟုတ်တယ်လေ။  မင်းသိပြီးသားပါ။  ဝဂ် အက္ခရာက  ‘က’  ကနေ ‘မ’  အထိ မဟုတ်လား။ အဲဒီနောက်က အက္ခရာတွေက ဝဂ်ထဲမပါလို့ ပါဠိ လို အ-ဝဂ်လို့ ခေါ်တာလေ”

“ပြောပြပါ ဆရာ”

“အကုန်တော့မဟုတ်ဘူးပေါ့။ အ-ဝဂ်အက္ခရာ တွေမှာ  ယ၊  လ၊ သ သုံးလုံးကို  အက္ခရာတူချင်း ဆင့်တယ်”

“ဟုတ်ကဲ့ပါ”

“ဥယျဉ် ဆိုတဲ့စကားက ‘ဥယျာန’ က ဆင်း သက်တာလေ။ /အုန်ယာနာ့/ လို့ အသံထွက်တယ် မဟုတ်လား။ ‘ယျ’ က ယနှစ်လုံးဆင့်တဲ့ သဘော ပေါ့။ ရှေ့က ‘ယ’ က အသတ်ပေါ့။ ခွဲရေးရင် ဥယ်+ ယာနလို့ ရေးရမှာပေါ့”

“ဟုတ်ပါတယ် ဆရာ”

“လနှစ်လုံးဆင့်ကတော့ ‘ပလ္လင်’ တို့၊ ‘မိလ္လာ’ တို့မှာ တွေ့တယ်မဟုတ်လား။ သနှစ်လုံးဆင့်က တော့ ပါဠိစကား တိဿ၊ ဖုဿဆိုတဲ့ ဘုရားဘွဲ့တွေ ဖဿဆိုတဲ့ ထိတွေ့မှု။ အဲဒီမှာ သနှစ်လုံးဆင့်တော့ ဿဖြစ်သွားတာပေါ့။ ‘ဿကြီး’ လို့ ခေါ်ကြတယ် လေ”

“ဟုတ်ကဲ့ပါ။ ‘ပိဿာ’ လဲရှိတယ်နော် ဆရာ”

“အေး၊  ဟုတ်တာပေါ့။  ပါဠိမဟုတ်ဘဲ ဆင့် ရေးတဲ့ မြန်မာစာလုံးတွေလဲရှိတယ်။ ယောက္ခမ၊ ကုက္ကို၊ သေတ္တာ၊ လိမ္မာတို့လေ”၊ တခြားစကားလုံး တွေလဲ ရှိအုံးမှာပေါ့”

“ဟုတ်ကဲ့ပါ ဆရာ”

“ကဲ...အရင်အပတ်က ပြောလက်စကို ဆက်ရ အောင်။ စကားလုံးတွေရဲ့ ဇာစ်မြစ်ကိုဖော်ထုတ်ရာ မှာလဲ ပါဠိဘာသာရဲ့ ဩဇာအရှိန်အဝါမကင်းတဲ့ အယူအဆတွေ တွေ့ရတဲ့အကြောင်းပေါ့”

“ဟုတ်ကဲ့ပါ”

“ဒီအကြောင်းကို ‘မြန်မာပြော ပါဠိပြော’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတစ်ခါက ဆွေးနွေးခဲ့ဖူးပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အယူအဆတစ်ခုရှိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့   ဘာသာစကားအားလုံးဟာ မာဂဓဘာသာက ဆင်းသက်တယ်။ မာဂဓဘာသာ ဟာ မူလဘာသာဖြစ်တယ်ဆိုတဲ့ အယူအဆပဲ”

“ဟုတ်ပါတယ် ဆရာ”

“အဲဒီမှာ မူလဘာသာဆိုတာ မာဂဓဘာသာ၊ အဲ- ပါဠိဘာသာပေါ့။ အဲဒီ   မာဂဓဘာသာကို ဆိုလိုတယ်ဆိုတဲ့ အယူအဆနဲ့ ပတ်သက်လို့တော့ ဝါဒကွဲတွေ ရှိပါတယ်။ ဒါပေမဲ့ မာဂဓဘာသာကို ဆိုလိုတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပြီး မြန်မာစကားလုံးတွေရဲ့ ဇာစ်မြစ်ကိုကြံဆရာမှာ  ပါဠိက  ဆင်းသက်တဲ့စကားတွေအဖြစ်  ပါဠိနဲ့ ဆက်စပ်ကြံဆတဲ့  အယူအဆတွေ ကုန်းဘောင် ခေတ်မှာ တော်တော်တွင်ကျယ်တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“အထင်ရှားဆုံးကတော့ လှေသင်းအတွင်းဝန် ဦးချိန်ပြုစုတဲ့ ဝေါဟာရလီနတ္ထဒီပနီကျမ်းပဲ”

“ကျွန်တော် နည်းနည်းပါးပါးတော့ ဖတ်ဖူး ပါတယ် ဆရာ”

“အဲဒီကျမ်းမှာ   အဓိပ္ပာယ်အသိခက်တဲ့ ဝေါဟာရတွေကို လှေသင်းအတွင်းဝန်က ဖွင့်ဆို ထားတယ်။ ပါဠိကဆင်းသက်တဲ့ ပါဠိသက်စကား လုံးတွေကို အကိုးအထောက်တွေနဲ့ ဖော်ထုတ်ထား တာ အင်မတန် မှတ်သားစရာကောင်းပါတယ် ကွယ်။ သိပ်အဖိုးတန်ပါတယ်”

“ဟုတ်ကဲ့”

“အဲ...ဒါပေမဲ့ ပါဠိက ဆင်းသက်တာမဟုတ်တဲ့ မြန်မာစကားလုံး တော်တော်များများကိုလဲ ပါဠိက ဆင်းသက်တယ်ဆိုပြီး ဆက်စပ်ကြံဆထားတာ တွေလဲ တော်တော်များတယ်ကွဲ့”

“ဘယ်လိုစကားလုံးတွေပါလဲ ဆရာ”

“ရေ၊  မြေ၊  နေ  ဆိုတဲ့  စကားလုံးတွေဆိုရင် အရင်းခံကျတဲ့ အရာဝတ္ထုတွေကို ခေါ်တဲ့စကားတွေ မဟုတ်လား။ အဲဒီလို  အရင်းခံစကားလုံးတွေကို ကိုယ့်ဘာသာစကားနဲ့ပဲ    ခေါ်ကြမှာပေါ့ကွယ်။ ဒီတော့ ဒီစကားတွေကို မြန်မာစကားစစ်စစ်တွေလို့  မှတ်ယူနိုင်တာပေါ့။ ဒါပေမဲ့ အဲဒီစကားလုံးတွေကို ပါဠိက ဆင်းသက်တဲ့စကားလုံးတွေအဖြစ် အဲဒီ ကျမ်းမှာ ပြထားတယ်ကွဲ့”

“ဪ ၊ ဟုတ်ကဲ့”

“‘ရေ’ ကို ပါဠိလို ‘ဝါရိ’ လို့ခေါ်တယ် မဟုတ် လား။ အဲဒီကျမ်းမှာ ‘ရေ’ဟာ ‘ဝါရိ’ ကဆင်းသက် တယ်လို့  ဆိုထားတယ်။  ‘ဝါရိ’ က ‘ဝါ’ လျော့ပြီး ‘ရိ’ ဖြစ်တယ်။ ‘ရိ’ ကမှ ‘ရေ’ ဖြစ်တယ်ပေါ့ကွယ်”

“ဪ”

“အဲဒီလိုပဲ၊  ‘နေ’ ဆိုတဲ့ စကားလုံးဟာလဲ ‘ဘာနု’ ဆိုတဲ့  ပါဠိစကားက ဆင်းသက်တာတဲ့။ ‘ဘာနု’ က ‘နု’၊ ‘နု’က ‘နေ’ ဖြစ်တယ်ပေါ့။ ‘မြေ’က လဲ ‘မေဒနီ’ ဆိုတဲ့ ပါဠိစကားက ဆင်းသက်တာပဲ တဲ့။ ‘မေဒနီ’ က ‘မေ’ ဖြစ်၊ ‘မေ’က ‘မြေ’ ဖြစ်တာပေါ့ ကွယ်”

“ပါဠိဘက်ကို  တော်တော်ဆွဲတာပဲနော်”

“အများကြီးပါပဲ။ ‘သုနခေါ’ ကနေပြီး ‘ခွေး’ ဖြစ် လာတယ်။ ‘မက္ကဋ’ ကနေပြီး ‘မျောက်’ ဖြစ်လာ တယ် ဆိုတာမျိုးတွေလဲ ပါတယ်လေ”

“ဟုတ်ကဲ့ပါ”

“လေ့လာကြည့်ရင် ပါဠိနဲ့အသံတစ်သံတူတာ နဲ့ပဲ ပါဠိကဆင်းသက်တဲ့ စကားလုံးဖြစ်မယ်လို့ ယူဆပုံရပါတယ်။ တကယ်တော့ အဲဒီလိုဆင်းသက် တယ်ဆိုတာ    ခိုင်လုံတဲ့  အထောက်အထားရှိဖို့ လိုတာပေါ့။ ဆိုကြပါစို့။ ‘ကုသိုလ်’ ဆိုတဲ့ စကားဟာ ‘ကုသလ’ ဆိုတဲ့ ပါဠိကဆင်းသက်တယ်လို့ပြောရင် လက်မခံစရာ မရှိဘူးလေ။ ‘ကုသလ’ က ‘ကုသိုလ်’ ဖြစ်သွားတဲ့  သာဓကတွေ  စာပေတွေထဲမှာ အထင် အရှားရှိတယ်။ အဲ  ‘သုနခေါ’  ကနေ  ‘ခွေး’ ကို ပြောင်းဖို့ဆိုတာက  တော်တော်ဝေးတယ် မဟုတ် လား။ ‘သုနခေါ’ ကို ‘ခေါ’ လို့ သုံးရာက‘ခွေး’ ဖြစ် သွားတယ်လို့ ဆိုရအောင်၊ ခွေးကို ‘ခေါ’ လို့ ခေါ်တဲ့ အထောက်အထားရှိမှ မရှိတာလေ။ ဒါက မြင်သာ အောင် ပြောတာပါ”

“ဟုတ်ကဲ့ပါ”

“ဖြတ်ပြောရရင်   အသံတူတာနဲ့ပဲ  ဘာသာ စကားတစ်ခုဆီက    တစ်ခုကယူတယ်လို့   ပြောလို့ မရဘူးလေ။ တိုက်ဆိုင်ပြီး တူနေတာလဲ ဖြစ်နိုင် တာပေါ့။ ရယ်စရာပြောရရင် မြန်မာစကား ‘ပေး’ နဲ့  အင်္ဂလိပ်စကား  ‘pay’၊  မြန်မာစကား အဝေးနဲ့ အင်္ဂလိပ်စကား away၊ မြန်မာစကား  ‘နီး’ နဲ့ အင်္ဂလိပ်စကား ‘near’ ဆိုတဲ့ စကားလုံးတွေ အသံ တူနေတာပဲလေ။  အဲဒီလို  အသံတူရုံနဲ့  မြန်မာ စကားဟာ   အင်္ဂလိပ်ဆီကယူတာလို့  ပြောလို့ မရဘူး။  မြန်မာဆီက အင်္ဂလိပ်ကယူတာလို့လဲ ပြောလို့မရဘူးလေ”

“နားလည်ပါပြီ ဆရာ”

“နောက်ကျမ်းတစ်ကျမ်း     ရှိသေးတယ်။ ‘ဝေါဟာရ  ဝိပ္ပလာသလက္ခဏ၊  ဒီပကကျမ်း’တဲ့။ ပုံမနှိပ်ဖြစ်လို့  လူသိတော့နည်းတယ်။ မြန်မာ စာသမားတွေတော့ သိကြပါတယ်။ ရေးတဲ့ပုဂ္ဂိုလ် က ရဟန်းတစ်ပါးဖြစ်မယ်ထင်တယ်။ အဲဒီထဲမှာလဲ မြန်မာစာလုံးတွေကို ပါဠိက ဆင်းသက်တယ်ဆိုပြီး ကြံဆထားတာတွေပါတယ်။ ပါဠိစကား၊ အလင်္ကာ၊ ကနေပြီး  မြန်မာစကား   ‘တန်ဆာ’ ဖြစ်လာပုံ၊ ပါဠိစကား ‘အာဒိ’  ကနေပြီး  မြန်မာစကား ‘အစ’ ဖြစ်လာပုံတွေကို ကြံဆပြထားတယ်။ တော်တော် ဝေးပါတယ်”

“ဟုတ်ကဲ့ပါ”

“ကိုလိုနီခေတ်မှာလဲ      အဲဒီလိုကြံဆတာ တွေ ရှိတယ်ကွဲ့။ အရင်းခံသဒ္ဒါစကားလုံးတွေဖြစ်တဲ့ ‘ကြ’၊ ‘ကုန်’ ဆိုတဲ့ စကားတွေကိုတောင် ပါဠိက ဆင်းသက်သယောင် ကြံဆထားတာလေ။  ‘ကြ’ ဆိုတာ ‘ဗဟုကရ’ ဆိုတဲ့ ပါဠိက ဆင်းသက်တယ်၊ ‘ကုန်’  ဆိုတာ  ‘ဧကုန’  ဆိုတဲ့ ပါဠိစကားက ဆင်း သက်တယ်ဆိုတာမျိုးတွေပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ကျမ်းနာမည်တွေတော့  မပြောတော့ပါဘူး။ အဲဒီလို     အနက်ဖွင့်တာကို     ဝိဂြိုဟ်ကျင်းတယ် လို့   သုံးတယ်။  ပါဠိကထာနဲ့    ဝိဂြိုဟ်ကျင်းတာ ပေါ့။ ဝိဂြိုဟ်ကျင်းပုံတစ်ခုကို   ပြောပြမယ်။  ‘သား’ဆိုတဲ့   မြန်မာစကားကို   ဝိဂြိုဟ်ကျင်းတာ လေ။ ‘မာတာပီ တုနံ ဝစနံ သုဏာတီတိသား’တဲ့။ ဒါက ပါဠိလို။ အဲဒါကို    နိဿယပြန်တော့၊  ‘ ယော ပုရိသော၊ အကြင်ယောကျာ်းသည်။  မာတာပီတုနံ၊ အမိအဖ တို့၏။   ဝစနံစကားကို။   သုဏာတိ၊ နာတတ်၏။     ဣတိတသ္မာ၊ ထိုသို့    အမိအဖ တို့၏     စကားကိုနာတတ်သော သတ္တိကြောင့်။ သောပုရိသော၊ ထိုယောကျာ်းသည်။ သား၊ သားမည် ၏’ တဲ့”

“ဪ”

“သုဏာတိ(နာတတ်၏) ဆိုတဲ့ ပါဠိစကားက ‘သု’ကို ယူပြီး  ‘သု’ကနေပြီး  ‘သား’  ဖြစ်လာပုံကို ကြံဆပြထားတာလေ”။       ။