မြန်မာစာပေ ဖွံ့ဖြိုးရေးခွန်အားသစ်

mdn

နေပြည်တော် ၁၇ ဇွန်

 

အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု (ဘာသာရပ် ၁၈ မျိုး) နှင့် စာပေဗိမာန်စာမူဆု (ဘာသာရပ် ၁၄ မျိုး) တို့၏ ချီးမြှင့်ငွေများကို ၂၀၂၀ ပြည့်နှစ်အတွက်မှစတင်၍ တိုးမြှင့်ပြင်ဆင်ချီးမြှင့် ပေးသွားမည့် မင်္ဂလာ သတင်းကောင်းကို ထုတ်ပြန်လိုက်ရာ မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားသစ် တစ်ရပ် ဖြည့်တင်းပေးလိုက်ခြင်းပင်ဖြစ်သည်။

 

နိုင်ငံတော်အဆင့် ချီးမြှင့်သော တစ်မျိုးသားလုံးအတွက် အမြင့်ဆုံးစာပေဆုဖြစ်သည့် အမျိုးသားစာပေ တစ်သက်တာဆုကို ၂၀၀၁ ခုနှစ်အတွက်မှ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၂၀ ခန့်ကာလအတွင်း စာပေပညာရှင် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၃၁ ဦး တို့ကို စိစစ်ရွေးချယ်ချီးမြှင့်ပေးခဲ့ပြီးဖြစ်သည်။ အမျိုးသား စာပေဆုများကို တစ်နှစ်တာအတွင်း ထွက်ရှိခဲ့သည့် စာအုပ်များမှ ရွေးချယ်ချီးမြှင့် ပေးခြင်းဖြစ်ပြီး အမျိုးသား စာပေတစ်သက်တာဆု များကိုမူ ဘဝ တစ်သက်တာလုံး စာရေးသားခြင်းနှင့် ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းများကို တစိုက်မတ်မတ်ပြုလုပ်ခဲ့ပြီး အလေးထားထိုက်သည့် စာပေလက်ရာ အများအပြားတို့ကို ရေးသားပြုစုခဲ့သူ စာရေးဆရာ စာပေပညာရှင်များအား စိစစ်ရွေးချယ်ချီးမြှင့်ပေးခြင်း ဖြစ်သည်။

 

မြန်မာစာပေသည် အစောဆုံးတွေ့ရသည့် ပုဂံခေတ်မှစ၍ အင်းဝ ခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည့် ခေတ်အဆက်ဆက်တို့တွင် စာပေပုံသဏ္ဌာန်အမျိုးမျိုးတို့ ထွန်းကား ပေါ်ပေါက်ကာ အဆင့်အတန်းမြင့်ခဲ့သည်။ ကိုလိုနီခေတ်တွင်လည်း မျိုးချစ်ပုဂ္ဂိုလ်ကြီးများ၏ အားထုတ်ကြိုးပမ်းမှုဖြင့် ဆက်လက် တည်တံ့ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ရာတွင်လည်း မိမိတို့၏ ကိုယ်ပိုင်စာပေကို လက်နက်တစ်ခု အဖြစ် ဆွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့ကြသည်။ စာပေသည် ခေတ်အဆက်ဆက်တွင် ရှင်သန် ဖွံ့ဖြိုးတိုးတက်နေရန် လိုအပ်ပြီး ခေတ်တိုင်းခေတ်တိုင်းတွင် စာပေ သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်မှသာ ခေတ်၏တာဝန်ကျေပွန် နိုင်မည်ဖြစ်သည်။ ခေတ်တစ်ခေတ်၏ စာပေတာဝန်ကို ထမ်းဆောင် သူများမှာ ခေတ်ပြိုင်စာပေပညာရှင်၊ စာရေးဆရာ၊ ဆရာမများ ဖြစ်ကြပြီး စာပေရေးသားပြုစုခြင်းဟူသော အလုပ်သည် စီးပွား ရှာဖွေသည့် အလုပ်မဟုတ်။ စာပေရေးသားခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုကောင်းပြုနိုင်မည်ဖြစ်သည့်တိုင် စားဝတ် နေရေး၊ ဘဝရှင်သန်ရေး သက်သက်မျှသာဖြစ်ပြီး စီးပွားဖြစ် ချမ်းသာကြွယ်ဝ သည့် အလုပ်မဟုတ်သည်မှာတော့ လွန်စွာသေချာလှသည်။

 

စာရေးဆရာဟူသည် သူရှင်သန်ရာ ခေတ်ပြိုင်လောကကို နှလုံးသားမျက်စိ၊ ဉာဏ်ပညာ မျက်စိတို့ဖြင့် ကြည့်ကာ သူမြင်တွေ့ရ သည့် အရာတို့ကို မြင်ရသည့်အတိုင်း၊ သူခံစားရသည်တို့ကို ခံစားရသည့်အတိုင်း စာပေဖြင့် ရေးဖွဲ့ သည်။ မှတ်တမ်းတင်သည်။ မျှဝေသည်။ သို့သော် စာရေးဆရာကြီး ဆရာမကြီးတို့ အသက်အရွယ် ကြီးရင့်လာချိန်တွင်မူ တစ်သက်တာစာပေရေးသားပြုစုခဲ့သမျှ၊ စာပေ တာဝန်ကျေပွန်ခဲ့သမျှတို့သည် စီးပွားရှာဖွေ ခဲ့ခြင်းမဟုတ်သည့် အားလျော်စွာ ကြွယ်ပိုးကြွယ်ဝမရှိလှသည့် အခြေအနေတို့ကို မကြာ ခဏဆိုသလို တွေ့ခဲ့ရသည်။ သို့ဖြစ်ရာ အမျိုးသားစာပေတစ်သက် တာဆု စိစစ်ရွေးချယ်ချီးမြှင့်ခြင်းသည် တစ်သက်မှာ တစ်ခါသာ ဖြစ်သည့်အလျောက် ထိုက်ထိုက်တန်တန် ဂါရဝပြုခြင်းအားဖြင့် စာပေပညာရှင်ကြီးများ၏ ကျေးဇူးကို အထူးသိမြင်ကာ လေးစား သမှုပြုခြင်းပင် ဖြစ်သည်။

 

ယခုအခါ နိုင်ငံတော်အစိုးရက မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး ကို အားပေးချီးမြှင့်ရာရောက်စေရန်၊ စာပေပညာရှင်များအား ဂုဏ်ပြု ရာရောက်စေရန်၊ စာကောင်းပေမွန်များ ထွန်းကားပြန့်ပွားစေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ၂၀၂၀ ပြည့်နှစ်အတွက်မှစ၍ အမျိုးသားစာပေတစ်သက်တာဆုကို ငွေကျပ်သိန်း ၁၀၀ အပါအဝင် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုတို့ကိုပါ ဆုငွေများ အသီးသီး တိုးမြှင့်ပြင်ဆင် ချီးမြှင့်ပေးသွားတော့မည်ဖြစ်ရာ မြန်မာ စာပေလောကအတွက် သတင်းကောင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ရပါကြောင်း။ ။

 

မြန်မာ့အလင်း