မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ အိုလံပစ်ဝင်ခွင့်အတွက် ကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်

mdn

ရန်ကုန် ၁၈ အောက်တိုဘာ

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ်က ကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။

 

သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ၂၀၁၉ ခုနှစ်ကတည်းက ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် မတ်လကတည်းက ပြိုင်ပွဲများယှဉ်ပြိုင်မှု ရပ်နားထားရခြင်းဖြစ်သည်။ ယင်းကပ်ရောဂါကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှာလည်း အိုလံပစ်ဝင်ခွင့်အတွက် ရမှတ်များတွက်ချက်များ တွက်ချက်မည့် ပြိုင်ပွဲများကျင်းပမှုကို ယခုနှစ်အတွင်း ရပ်နားခဲ့သည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က နောက်ဆုံးထုတ်ပြန်ထားမှုအရ အိုလံပစ်ဝင်ခွင့်အတွက် ရမှတ်များတွက်ချက်များ ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက်အထိ သတ်မှတ်ထားပြီး ကျင်းပမည့်ပြိုင်ပွဲများကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ယင်းကာလအတွင်းကျင်းပမည့်ပြိုင်ပွဲ အချို့ကို ထုတ်ပြန်ထားသော်လည်း ကပ်ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခြင်းများရှိနေရာ နှစ်ကုန်ပိုင်းမှသာ ပြိုင်ပွဲအားလုံးကို အတည်ပြုနိုင် မည်ဖြစ်သည်။ သက်ထားသူဇာမှာလည်း ပြိုင်ပွဲများရပ်နားထားသောကြောင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးဘဲ လေ့ကျင့်မှုသာ ပြုလုပ်လျက်ရှိသည်။ သက်ထားသူဇာသည် အောက်တိုဘာ ၁၃ ရက်မှ ၁၈ ရက်အထိ ဒိန်းမတ်နိုင်ငံ၌ ကျင်းပမည့် HSBC BWF World Tour Super 750 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလာရန် ခက်ခဲသောကြောင့် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

 

သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က နောက်ဆုံးထုတ်ပြန်ထားသည့် အိုလံပစ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် ၂၇ နေရာ၌ ရပ်တည်နေသောကြောင့် အလားအလာကောင်းများရှိနေပြီး အိုလံပစ်ဝင်ခွင့်အတွက် သတ်မှတ်ထားသည့်ကာလတွင် ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်