မြန်မာကြက်တောင်မယ် သက်ထားသူဇာ ယူဂန္ဓာနိုင်ငံ၌ ချန်ပီယံကာကွယ်ပွဲ ကစားမည်

နေပြည်တော်  ၁၈  ဖေဖော်ဝါရီ

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ယူဂန္ဓာနိုင်ငံ၌ ကျင်းပမည့် International Series ပြိုင်ပွဲဖြစ်သော Uganda International 2020 ပြိုင်ပွဲတွင် ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

သက်ထားသူဇာသည် ယင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်သောကြောင့် ဆီဒင် ၁ သတ်မှတ်ခံထားရပြီး ပထမအဆင့်တွင် မော်လ်ဒိုက်ကစားသမား ရာဇာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

သက်ထားသူဇာသည် ယခုလအတွင်း ၂၀၁၉ ခုနှစ်က ရရှိခဲ့သည့် ချန်ပီယံဆုများအတွက် ချန်ပီယံကာကွယ်ပွဲများ ဆက်တိုက်ကစားမည်ဖြစ်ပြီး ယူဂန္ဓာပြိုင်ပွဲအပြီးတွင် ကင်ညာနိုင်ငံ၌ ပြိုင်ပွဲထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

 

အိုလံပစ်ဝင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်ထားသည့်ရက် နီးကပ်လာသောကြောင့် သက်ထားသူဇာသည် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယူဂန္ဓာနှင့် ကင်ညာနိုင်ငံအပြီးတွင် ဥရောပခြောက်နိုင်ငံ၌ ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

 

သက်ထားသူဇာသည် ဥရောပနိုင်ငံများဖြစ်သည့် ပေါ်တူဂီ၊ ချက်၊ ဆွတ်ဇာလန်၊ ပိုလန်၊ ဖင်လန်နှင့် နယ်သာလန် နိုင်ငံတို့၌ ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ရက်ပေါင်း ၅၀ ကျော်အတွင်း ပြိုင်ပွဲရှစ်ခု ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်