မြန်မာကလပ်များယှဉ်ပြိုင်မည့် အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ မဲခွဲပွဲကို ဇန်နဝါရီ ၂၇ ရက်ပြုလုပ်မည်

ရန်ကုန်၊  ၂၅  ဇန်နဝါရီ

 

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်မည့် ၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲ မဲခွဲပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မဲခွဲပွဲကို အွန်လိုင်းမှ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။ ၂၀၂၀ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ခြေစစ်ပွဲ မအောင်မြင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

 ဟံသာဝတီအသင်းသည် AFC Cup ပြိုင်ပွဲတွင် ခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ပါက အုပ်စုအဆင့်တွင် တက်ရောက်ကစားခွင့် ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အုပ်စုမဲခွဲမှုများအပြင် ခြေစစ်ပွဲအဆင့် အကြိုခြေစစ်ပွဲနှင့် Play-off ပွဲစဉ်များကို တစ်ပေါင်းတည်း မဲခွဲထုတ်ပြန်သွားမည်ဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲ အဆင့်တွင် သုံးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဟံသာဝတီအသင်းမှာမူ အာရှအဆင့်ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ