မြန်မာကလပ်ယှဉ်ပြိုင်မည့် ၂၀၂၀ အာရှဖူဆယ်ကလပ်ပြိုင်ပွဲကို ယခုနှစ်တွင် မကျင်းပဖြစ်

ရန်ကုန် ၁၈ စက်တင်ဘာ

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၀ အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အစည်းအဝေးပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါအပေါ် မူတည်၍ ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲနှစ်ပွဲကိုသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ပြိုင်ပွဲ အများစုကို ဖျက်သိမ်းခြင်းနှင့် ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့သည်။ ယခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည့်ပြိုင်ပွဲများတွင် မြန်မာကလပ်အသင်း ယှဉ်ပြိုင်မည့် အာရှဖူဆယ်ကလပ်ပြိုင်ပွဲလည်း ပါဝင်ခဲ့ပြီး လာမည့်နှစ်မှသာ ပြန်လည် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို မြန်မာဖူဆယ်ကလပ် VUC အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားသော်လည်း ကိုဗစ်ရောဂါကြောင့် ပြိုင်ပွဲ ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်က ရွှေ့ဆိုင်းခဲ့သည့် ပြိုင်ပွဲများတွင် မြန်မာအသင်းများ ယှဉ်ပြိုင်သည့်ပြိုင်ပွဲအားလုံးပါဝင်ခဲ့ပြီး လာမည့်နှစ်မှသာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာဖူဆယ်ကလပ်အသင်းများသည် အာရှဒေသတွင်းပြိုင်ပွဲ များအနက် အာရှဖူဆယ်ကလပ်ပြိုင်ပွဲနှင့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရထားပြီး ရောဂါအခြေ အနေကြောင့် ပြိုင်ပွဲနှစ်ခုစလုံး ယခုနှစ်တွင် ကျင်းပနိုင်မည်မဟုတ်ပေ။

VUC အသင်းသည် အာရှဖူဆယ်ကလပ်ပြိုင်ပွဲတွင် နှစ်ကြိမ်ယှဉ်ပြိုင်ခွင့်ရထားပြီး ၂၀၁၈ နှင့် ၂၀၁၉ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ညီမြတ်သော်တာ