မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်ကို တာဝန်ပေး

mdn

ရန်ကုန် ၂၆ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်ကို တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း မေ ၂၅ ရက်က ပြုလုပ်သည့် နည်းစနစ်ကော်မတီအစည်းအဝေးတွင် အတည်ပြုခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ ဦးဝင်းသူမိုးနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်း နည်းပြချုပ်သစ် ခန့်အပ်ခဲ့ခြင်းမရှိဘဲ ယခုမှသာ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သော ဦးတင်မြင့်အောင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဦးတင်မြင့်အောင်သည် ဖေဖော်ဝါရီက ယှဉ်ပြိုင်ကစားခဲ့သည့် အိုလံပစ်တတိယအဆင့် ခြေစစ်ပွဲတွင်လည်း ယာယီနည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် အမြဲတမ်းနည်းပြချုပ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။ ဦးတင်မြင့်အောင်သည် ယခင်နည်းပြချုပ်ဦးဝင်းသူမိုး ကိုင်တွယ်စဉ်ကတည်းက အုပ်ချုပ်သူအဖြစ် တောက်လျှောက်ဆောင်ရွက်ခဲ့ပြီး အသင်းအနေအထားနှင့် ကစားသမားများအကြောင်းကို သိရှိထားသူဖြစ်သောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက အမြဲတမ်းနည်းပြချုပ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း အာဆီယံအမျိုးသမီး ပြိုင်ပွဲသာ ယှဉ်ပြိုင်ရန်ရှိပြီး လာမည့်နှစ်တွင် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ဦးတင်မြင့်အောင်သည် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကိုလည်း နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး အမျိုးသမီးလက်ရွေးစင်အသင်းကိုပါ ထပ်မံကိုင်တွယ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်