မြန်မာ့လက်ရွေးစင်အသင်း နည်းပြအဖွဲ့ကို အင်အားဖြည့်တင်းမည်

ရန်ကုန် ၂၉ နိုဝင်ဘာ

လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း၏ နည်းပြအဖွဲ့ကို အင်အားဖြည့်တင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးသည် နိုင်ငံခြားသား လက်ထောက်နည်းပြတစ်ဦးနှင့် ဂိုးနည်းပြတစ်ဦး ခန့်အပ်ပေးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုထားခြင်း ဖြစ်သည်။ အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ဒုတိယအကြိမ် ခန့်အပ်ခံရခြင်းဖြစ်ပြီး ပြည်တွင်းနည်းပြများနှင့် တွဲဖက် တာဝန်ပေးထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်ထားရသည့် ဦးမင်းထွန်းလင်းသည် ယခုနှစ်လယ်ပိုင်းတွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်အသင်း၏ နည်းပြချုပ်အဖြစ် ကမ်းလှမ်းမှုကို လက်ခံခဲ့သောကြောင့် အန်တွမ်နီဟေးအနေဖြင့် နည်းပြအဖွဲ့အား အင်အားဖြည့်တင်းပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံခြားသားနည်းပြအဖွဲ့ဝင်များ အင်အားဖြည့်တင်းမည့်အပေါ် မူတည်၍ လက်ရွေးစင် အသင်းနည်းပြအဖွဲ့ကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နှစ်တွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများနှင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်