မြန်မာလွှတ်တော် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  ၂၁   နိုဝင်ဘာ 


မြန်မာလွှတ်တော် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား Myanmar Hluttaw Strategic Plan (2019-2022) Launching Ceremony ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ သဘင်ဆောင်၌ ကျင်းပသည်။

 

a

 

အခမ်းအနား၌ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဉက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့လွှတ်တော် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) သည် လွှတ်တော်၏ ဒုတိယအကြိမ်မြောက် မဟာဗျူဟာစီမံကိန်းဖြစ်ပြီး ပထမအကြိမ်မဟာဗျူဟာစီမံကိန်းမှ ရရှိခဲ့သည့် အတွေ့အကြုံနှင့် သင်ခန်းစာများကို အခြေခံ၍ လွှတ်တော်အကြီးအမှူးများ၏ လမ်းညွှန်ချက်နှင့် အညီ (JCC)  အဖွဲ့က ရေးဆွဲခဲ့သည့် မဟာဗျူဟာစီမံကိန်းဖြစ်ကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံကိန်းသည် ပြည်သူများ၏ လိုလားတောင့်တချက်ဖြစ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီဖက်ဒရယ်စနစ် ထွန်းကားအောင်မြင်စေရေးအတွက် လွှတ်တော်က ပါဝင်ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မဟာဗျူဟာစီမံကိန်းကို အောင်မြင်စွာရေးဆွဲနိုင်ရန် (၆)လကျော် ကာလအတွင်း အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ အကြိမ်ကြိမ်အဖန်ဖန် ဆွေးနွေးတိုင်ပင်ပြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ရည်မှန်းချက်များမှာ လွှတ်တော်အစည်းအဝေးနှင့် ကော်မတီများ၏ အကျိုးသက်ရောက်မှုမြှင့်တင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ၎င်းတို့တာဝန်များကို ထမ်းဆောင်ရန်အတွက် အရည်အသွေးစွမ်းရည်မြှင့်တင်ခြင်း၊ လွှတ်တော်ဝန်ထမ်းများနှင့် ၎င်းတို့၏ ဝန်ဆောင်မှုများ အရည်အသွေးကို မြှင့်တင်ခြင်း၊ ဆက်သွယ်ရေးနည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းတို့ဖြစ်ကြောင်း၊ ထိုရည်မှန်းချက် တစ်ခုချင်းစီကို JCC အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြပြီး သိရှိမေးမြန်းလိုသည်များကို ယင်းလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဖြေကြားသွားမည် ဖြစ်ကြောင်းပြောကြားသည်။

 

a

 

ထို့နောက် မြန်မာလွှတ်တော် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ၏ ရည်မှန်းချက်(၁) အားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ရည်မှန်းချက် (၂) အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သီဟ၊ ရည်မှန်းချက် (၃) အားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ရည်မှန်းချက် (၄) အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း တို့ကရှင်းလင်းတင်ပြပြီး မေးခွန်းများကို ပြန်လည်ဖြေကြားသည်။ 

ဆက်လက်၍ အုပ်ချုပ်မှုဆိုင်ရာမေးခွန်းများအား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်အမှာစကားပြောကြား၍ အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးအသီးသီးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)