မြန်မာနိုင်ငံ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  ၂၄   ဖေဖော်ဝါရီ 

မြန်မာနိုင်ငံ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ Taunggyi City Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဝင်းနိုင် က  အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ဂျာမဏီနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း GIZ ကိုယ်စားလှယ် Ms. Petra Jacobi  နှင့် နယ်သာလန်နိုင်ငံ အစိုးရမဟုတ်သော နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ TNI Coordinater Mr. Tom Kramer တို့က အမှာစကားပြောကြားသည်။

အစည်းအဝေး၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာန၊ ဌာနမှူး၊ ရဲမှူးကြီးဝင်းကိုကို ဦးဆောင်သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ကိုယ်စားလှယ်များ၊ GIZ / TNI မှ ကိုယ်စားလှယ်များ၊ မယ့်ဖာလုံနှင့် မေတ္တာဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်း NGOs မှ ကိုယ်စားလှယ်များက အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ အယူအဆနှင့် အခြေခံသဘောတရားများ၊ အစားထိုးဖွံဖြိုးရေးဆိုင်ရာနှင့် ချိတ်ဆက်နေသည့် အရေးကိစ္စနှင့် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြန်မာနိုင်ငံရှိ ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၂၅ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)