မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် WFEO, FEIAP တို့ ပူးပေါင်းကျင်းပသော "Responsibility & Accountability of Stakeholders in Construction Industry" အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၄ ဇူလိုင်

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ World Federation of Engineering Organizations (WFEO), Federation of Engineering Institutions of Asia and Pacific (FEIAP) တို့နှင့် ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသော အသင်းအဖွဲ့များ၊ ပညာရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အကြောင်းအရာများကို Online မှတဆင့် Webinar ဖြင့် ဟောပြောပို့ချခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ခရေပင်လမ်း၊ အမှတ် ၅(က)၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ WFEO မှ Former President Dr. Marlene Kanga ဩစတြေးလျ၊ FEIAP မှ Secretary General Ir.Dr. Tan Yean Chin မလေးရှား၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ချာလီသန်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်၊ HPBC ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်၊ နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရွှေလေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယခုဆွေးနွေးတင်ပြမည့် ခေါင်းစဉ်နှင့် ပတ်သက်၍ များစွာစိတ်ပါဝင်စားပါကြောင်း၊ အစိုးရပိုင် အဆောက်အအုံများနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများအတွက် အရည်အသွေး မြင့်မားပြီး အန္တရာယ်ကင်းရှင်းစွာ၊ အများပြည်သူ စိတ်ချမ်းသာစွာနှင့် နေနိုင်ရေး အမြဲကြိုးစား ဆောင်ရွက်သွားရန် စိတ်အားထက်သန်ပါကြောင်း။

 

ယခု အပိုင်း(၂)ပိုင်းခွဲခြားပြီး ပြောချင်ပါကြောင်း၊ ပထမပိုင်းမှာ ဆောက်လုပ်ရေးကဏ္ဍများတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးဖြစ်ပြီး၊ ဒုတိယပိုင်းမှာ မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါကြောင်း၊ အဆောက်အဦများ ပြိုကျပျက်စီးခြင်းနှင့် လုပ်ငန်းခွင်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းဆိုသည့် သတင်းများမှာ တစ်နေ့ထက် တစ်နေ့ပိုမို၍ပင် များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ တစ်ခုတည်းသော ထိန်းချုပ်နိုင်မည့် နည်းလမ်းမှာ အခြေခံစံနှုန်းများကို အဖက်ဖက်မှ မြှင့်တင်ရန် လက်တွေ့အကောင် အထည်ဖော်ရန် အရည်အသွေး စီမံခန့်ခွဲသည့် စနစ်များနှင့် ထိန်းချုပ်ရမည် ဖြစ်ပါကြောင်း။

 

ဆောက်လုပ်ရေးစီမံကိန်းများ၏ လုပ်ငန်းအဆင့်ဆင့်ဖြစ်သည့် ဒီဇိုင်းရေးဆွဲခြင်း၊ တင်ဒါခေါ်ယူခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်း စသည်တို့ကို ထိန်းချုပ်ရမည် ဖြစ်ပါကြောင်း၊ အရည်အသွေးမီသည့် ဒီဇိုင်းများဖြစ်ရန် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အသေးစိတ် ညွှန်းဆိုချက်တို့ကို တိကျစွာပေးပြီး လုပ်ဆောင်ကြရမည် ဖြစ်သကဲ့သို့ FIDIC မှ လမ်းညွှန်ချက်များကို လိုက်နာ၍ နှစ်ဦးနှစ်ဖက်မျှတသည့် စာချုပ်ချုပ်ဆိုခြင်း၊ စီမံကိန်း ကြီးကြပ်ခြင်းနှင့် လုပ်ငန်းခွင် စစ်ဆေးခြင်းတို့ကိုလည်း တိတိကျကျဖော်ပြပြီး လိုက်နာကြရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် ပညာရှင်များ၏ အရည်အသွေးနှင့် အင်ဂျင်နီယာငယ်များ၏ အရည်အသွေးကို အဆင့်ဆင့်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေသလို အမျိုးသား ကျွမ်းကျင်မှုစံနှုန်းသတ်မှတ်ရေး၊ အာဏာပိုင် အဖွဲ့အစည်းကလည်း အားစိုက်၍၊ လုပ်သား အင်အားစု၏ အရည်အသွေး မြှင့်တင်စိစစ်နေသည့်အတွက် ဆောက်လုပ်ရေးကဏ္ဍ၏ လိုအပ်ချက်များကို တစ်နည်းနည်းဖြင့် ဖြေရှင်းပေးရာရောက်မည် ဖြစ်ပါကြောင်း။

 

ဒုတိယပိုင်းအနေဖြင့် အစိုးရအဖွဲ့အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်နိုင်ရေး ဝင်ရောက်ဖြေရှင်းပေးခြင်းဖြင့် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးကဏ္ဍက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သလို နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှု ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသည် ဆောက်လုပ်ရေးကဏ္ဍတွင် အသုံးပြုသည့်အတွက် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ထိရောက်ရန်၊ နိုင်ငံတော်စီးပွားရေးကဏ္ဍ စည်းချက်ညီစွာ တိုးတက်ကောင်းမွန်လာစေရန် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်အကောင်အထည်ဖော်နိုင်မှုအပေါ်မှာ များစွာမူတည်ပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းတစ်ရပ်ကို မဖြစ်မနေ ဖွဲ့စည်း၍ ဆောက်လုပ်ရေးကဏ္ဍ၏ လုပ်ဆောင်ချက်များကို သေချာစွာ ထိန်းကျောင်း၍ တိုးတက်ကောင်းမွန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝယ်ယူရေးဥပဒေ၊ ပွင့်လင်းမြင်သာမှုအတွက် ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အရည်အသွေးမြင့်မားမှုအတွက် ရည်ရွယ်၍ ပြုစုထားပြီး ဈေးနှုန်းသက်သာ၍ ထိရောက်မြန်ဆန်ရန် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း အကျိုးတူ ပူးပေါင်းအကောင်အထည်ဖော် လျက်ရှိပါကြောင်း။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ထုတ်ပြန်နိုင်ရေးအတွက် Building Construction Industry Development Law (BCID) တွင် ပြည်ထောင်စုအစိုးရ၊ လွှတ်တော်သို့ တင်ပြရန် အဆင့်ရောက်ရှိပြီဖြစ်ကြောင်း ၂၀၁၆ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ UN Habitat ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့နှင့် ပူးပေါင်း၍   မြန်မာနိုင်ငံအမျိုးသား အဆောက်အအုံဆိုင်ရာ လမ်းညွှန်ချက်များအား အခြားဝန်ကြီးဌာနများ၏ ပူးပေါင်းထောက်ခံမှုဖြင့် ပြုစုခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ထုတ်ပြန်မည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ ကွန်ဒိုမီနီယံ ဥပဒေကို ၂၀၁၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး၊ မြန်မာနိုင်ငံ အမျိုးသား အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် မြို့ပြမူဝါဒကိုပြဋ္ဌာန်းရန် အပြီးသတ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍ၏ အရည်အသွေးမြင့်မားရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အဆင့်အတန်းများ တိုးတက်ရေးအတွက် ပါဝင်ပတ်သက်နေသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအားလုံးကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပန်ကြားလိုပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အခြေခံအဆောက်အအုံများနှင့် အများပြည်သူသုံး အဆောက်အအုံများ အားလုံးကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ World Federation of Engineering Organizations (WFEO) မှ Former President Dr.Marlene Kanga က ဆောက်လုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ The Latest Changes in Australia   ခေါင်းစဉ်နှင့် အမှာစကား ပြောကြားသည်။

ယင်းနောက် Federation of Engineering Institutions of Asia and Pacific (FEIAP) မှ Secretary General Ir. Dr. Tan Yean Chin က Responsibility & Accountability of Stakeholders in Construction Industry in Malaysia ခေါင်းစဉ်ဖြင့် အသေးစိတ် ဆွေးနွေးပြောကြားသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ချာလီသန်းနှင့် တွဲဖက်အတွင်းရေးမှူးတို့က Moderator အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်မြင့်က ဆောက်လုပ်ရေးလုပ်ငန်းများ၊ အင်ဂျင်နီယာအဖွဲ့အစည်းများ ခေါင်းစဉ်နှင့် စာတမ်း၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ (HPBC) ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်က Present Inspection System for High rise and Public Building Projects ခေါင်းစဉ်နှင့် စာတမ်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင် ဦးမျိုးမြင့်က Challenges ahead for Myanmar Construction Industry ခေါင်းစဉ်နှင့် စာတမ်းများတို့ကို အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ပြီး Webinar တွင် ပါဝင်တက်ရောက်သူများက အပြန်အလှန်မေးခွန်းများ အဖြေများဖြင့် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်