မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ ပြန်လည်ဖွဲ့စည်း

မေ ၂၅

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက MFF အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပြီး နည်းစနစ်ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ အသစ်တွင် နာယကများအဖြစ် ဦးတင်အောင် (ဂိုး) နှင့် ဦးဘန်နီတင်အောင်၊ ဥက္ကဋ္ဌအဖြစ် ဦးသန်းတိုးအောင်၊ ဒုဥက္ကဋ္ဌအဖြစ် ဦးတင်မြင့်အောင်၊ အဖွဲ့ဝင်များအဖြစ် ဦးကြည်လွင်၊ ဦးအောင်နိုင်၊ ဦးမျိုးလှိုင်ဝင်း၊ ဦးကျော်မင်းထူး၊ ဦးတင်မောင်ထွန်း၊ ဦးကျော်မင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးသန်းဝေ၊ ဦးစိုးမြတ်မင်း၊ ဦးအောင်ကျော်မိုး၊ ဦးမျိုးမင်းထွန်း၊ ဦးဇော်လင်းထွန်း၊ ဦးအောင်ခိုင်၊ ဦးအောင်နေဝင်း၊ ဦးကျော်သူအောင်မြင့်ထွန်း၊ ဦးဌေးမြင့်တို့ ပါဝင်ကြသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုကော်မတီအသစ်တွင် ဦးသန်းတိုးအောင်က ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့သော်လည်း အဖွဲ့ဝင်အင်အားသစ်များ တိုးမြင့်ထားကာ MNL ကလပ်အသင်းများမှ နည်းပြချုပ်များကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကို ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပခဲ့သောကြောင့် နည်းစနစ် ကော်မတီကိုပါ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်သည်။

 

နည်းစနစ် ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင်က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် လက်ရွေးစင်အသင်းများအတွက် နည်းပြသစ်များခန့်အပ်ခြင်း၊ နည်းစနစ်ဒါရိုက်တာ ရာထူးအတွက် လျှောက်ထားမှုများ၊ လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များအတွက် ဆွေးနွေးကြသည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများနှင့် ၂၀၁၉ ခုနှစ်အတွင်း ရယူခဲ့သည့် အောင်မြင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

သတင်း-ညီမြတ်သော်တာ