မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်) Chief Representative အား တွေ့ဆုံ

ရန်ကုန် ၁၄ ဇန်နဝါရီ 

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်သည် တိုယိုတာ မော်တော်ကော်ပိုရေးရှင်း (ရန်ကုန်)မှ Chief Representative Mr. Yoshihisa Tonozuka နှင့် အဖွဲ့အားအသင်း (ရန်ကုန်)ရုံးခွဲတွင် ယနေ့နံနက် ၉ နာရီခွဲ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အသင်းနှင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်းတို့ လက်ရှိဆောင်ရွက်လျက်ရှိသည့် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေးအစီအစဉ်ကို ဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။ 

ထို့နောက် အသင်းအနေဖြင့် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်များမှ အခြေခံပညာ မူလတန်းကျောင်း(၅)ကျောင်းတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေးအစီအစဉ်ကို လုပ်ဆောင်လျက်ရှိပြီး ဆရာ/ဆရာမ (၁၂၀) ဦး၊ Grade (3) မှ ကျောင်းသား/ကျောင်းသူ ၁၂၅၀ ဦး၊ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၄ ဦးအား အသိပညာဖြန့်ဝေထားနိုင်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်