မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

သံတွဲ ၃၀ အောက်တိုဘာ

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ကျင်းပသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၁နာရီက သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)၌ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမျူး ဦးကျော်ဆန်းကျော်က အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ပညာရေးမှူးဦးစောလှဖေက မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ဟောပြောသည်။ ဆက်လက်၍ သံတွဲခရိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးမြင့်ရွှေက ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား  ခဲ့သည်။

ထို့နောက် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဒုခရိုင်ဥပဒေအရာရှိ ဦးဇော်မျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စောမြသန္တာတို့က ဦးဆောင်၍ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ်ကို ကဏ္ဍအလိုက်ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ကလေးအလုပ်သမားခိုင်းစေမှုများအပေါ် အရေးယူ ဆောင်ရွက်မှု၊ အခြေအနေများ ၊ သတင်းပေးဆောင်ရွက်မှုအခြေအနေ ကလေးအလုပ်သမားအဖြစ်ခိုင်းခံရသူများ၏ ဆိုးကျိုးခံစားရမှုအခြေအနေများနှင့် သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။ ပြည်သူ့စကားဝိုင်းအပြီးတွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များကိုလည်း ပြသခဲ့ကြသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဉီးရေ ၂၀၀ခန့် တက်ရောက်ကြသည်။

သန့်ဇင် ( ခရိုင်ပြန်/ဆက် )