မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော်  ၁၄  ဇန်နဝါရီ


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) ရဲသူရတပ်ခွဲ၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး တက်ရောက်မိန့်ခွန်း ပြောကြားသည်။


ရှေးဦးစွာမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူပြီး သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးသည်။


ထို့နောက် ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ 


ယင်းနောက် ရဲချုပ်ကအကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဝေလ၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အောင်မြတ်ကိုကို၊ ကွန်ပျူဘာသာရပ် ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း သန်းနိုင်ဦး(၁)၊ အင်္ဂလိပ်ဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း တင်လေးနွယ်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း သိမ့်အိမွန်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။


ထို့နောက် ရဲချုပ်က အမှာစကား ပြောကြားရာတွင် သင်တန်းဆင်း ဒုတိယ ရဲအုပ်လောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည့် အရာရှိများ ဖြစ်သောကြောင့် မိမိကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်စွာခေါင်းဆောင်၍ လက်အောက်က ယုံကြည်အားကိုးပြီး တစ်စိတ်တစ်ဝမ်းတည်း အားလုံးလိုက်ပါဆောင်ရွက်သော ခေါင်းဆောင်မှုမျိုးဖြစ်အောင် ကျင့်ကြံနေထိုင် လုပ်ကိုင်သွားရန်၊ ခေါင်းဆောင်မှု အရည်အသွေး၊ စောင့်စည်းရမည့် ကျင့်ဝတ်သိက္ခာ၊ ထားရှိရမည့် ရည်မှန်းချက်များကို ကောင်းစွာသိရှိနားလည်ပြီး တပ်ဖွဲ့ဝင်များ၏ စုပေါင်းစွမ်းအားနှင့် စွမ်းရည်များကိုမိမိ၏ အရည်အသွေးနှင့် ပေါင်းစပ်ကာ ရည်မှန်းချက် တာဝန်(၄)ရပ်၊ လုပ်ငန်းတာဝန်(၆)ရပ်ကိုအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာအဆင့်မီရဲတပ်ဖွဲ့ ဖြစ်လာအောင် အဖက်ဖက်က မြှင့်တင်ဆောင်ရွက် နေချိန်တွင် တပ်ဖွဲ့ဝင်တိုင်းမှလည်း ကိုယ်စီ စွမ်းရည်ပြည့်ဝ ထက်မြက်နေစေရန်အတွက် လိုအပ်သည့် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်။


အမျိုးသမီး ရဲအရာရှိများ အနေဖြင့်လည်း တပ်ဖွဲ့/ဌာနအသီးသီး၌ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ မှုခင်းတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍများတွင် အမျိုးသား ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရင်ဘောင်တန်းကာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ရန်၊ နည်းပညာ တိုးတက်လာသည့်အလျောက် မှုခင်းပုံစံအသစ်များ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှု များကြောင့် ပြည်သူများအကြား ဖြစ်ပေါ်လာနိုင်သည့် ထိတ်လန့်ကြောက်ရွံ့မှုနှင့် ဘဝလုံခြုံမှုအတွက် ပြည်သူလူထု၏ အားကိုးမျှော်လင့်မှုများကို ပြည့်ဝကျေနပ်လောက်အောင် စနစ်တကျ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးသွားရန်၊ အနာဂတ်ကာလတွင် ပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ပြည့်ဝသည့် ရဲတပ်ဖွဲ့ ဖြစ်လာစေရေး နိုင်ငံတော်အပိုင်းမှ ရုပ်ဝတ္ထုပံ့ပိုးမှုများ ဖြည့်ဆည်းဆောင်ရွက် ပေးနေသကဲ့သို့ မိမိတို့ဘက်မှလည်း ခေတ်မီအတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေးနှင့် လုပ်ငန်း စွမ်းရည်မြင့်မားစေရေးတို့အတွက် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးလေ့ကျင့်သွားကြရန်။


ဒီမိုကရေစီကျင့်စဉ်နှင့် ကိုက်ညီသည့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲတပ်ဖွဲ့လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုရရှိအောင် ဥပဒေလုပ်ထုံး လုပ်နည်းများ နှင့်အညီ အလေးထား ဝန်ဆောင်မှုများ ပေးသွားရန်၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်အဆင့် အလေးအထား ကိုင်တွယ်ဖြေရှင်းနေသည့် ပြဿနာတစ်ရပ်လည်းဖြစ်သောကြောင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများအား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မှတ်ယူကာ ဆက်လက်အလေးထား ဆောင်ရွက်သွားရန်၊ ရဲတပ်ဖွဲ့၏ ကောင်းမွန်သည့် လုပ်ငန်းသမားစဉ်များ၊ ကိုယ်စီ တာဝန်များ၊ ကျင့်ဝတ်များနှင့်အညီနေထိုင်လုပ်ကိုင်ကာနိုင်ငံတော်နှင့် မိမိတပ်ဖွဲ့အတွက် ပေးအပ်သော တာဝန်ဝတ္တရားများအား ကျရာကဏ္ဍမှ ဦးလည်မသုန်ထမ်းဆောင်ပြီး ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် စသည်ဖြင့် တိုက်တွန်းမှာကြားသည်။


အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ခေတ္တ ကျောင်းအုပ်ကြီး၊ သင်တန်းဆင်း အရာရှိလောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း အရာရှိအမျိုးသား ၂၀၈ ဦး၊ အမျိုးသမီး ၁၁၃ ဦး၊ စုစုပေါင်း ၃၂၁ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)