မြန်မာနိုင်ငံတွင် အကြီးဆုံးဖြန့်ချိရေးကုန်သိုလှောင်ရုံ အဆောက်အအုံ သီလဝါစီးပွားရေးဇုန်၌ ဖွင့်လှစ်

mdn

ရန်ကုန် ၁၄ ဇွန်

 

ဂျပန်နိုင်ငံ၏ ၁၀ဝ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်အကြီးဆုံး ဖြန့်ချိရေး    ကုန်လှောင်ရုံအဆောက်အအုံ (Distribution Warehouse)ဖွင့်ပွဲကို သီလဝါအထူး စီးပွားရေးဇုန် ဇုန် (A) ၌ ဇွန် ၁၂ ရက်က ကျင်းပခဲ့သည်။

 

အဆိုပါ ကုန်လှောင်ရုံကြီး ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦနီအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာ မာရုယာမာ အိချိရိုနှင့် Ryobi Myanmar ဖြန့်ချိရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ မစ္စတာ မီဆုနိုဘုကိုဂျီမာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ဖွင့်ပွဲသို့ ရန်ကုန်စီးပွားရေး အသိုက်အဝန်းမှ မြန်မာနှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင် ၃၀ဝ ကျော်လည်း တက်ရောက်လေ့လာခဲ့ကြသည်။

 

“သီလဝါအထူးစီးပွားရေးဇုန်မှာ ခုလိုမြန်မာနိုင်ငံမှာ အကြီးဆုံးဖြန့်ချိရေး ကုန်လှောင်ရုံ ပေါ်ပေါက် လာခြင်းဟာ ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ စီးပွားရေးဖွံ့ ဖြိုးဖို့ဆိုတာ ထုတ်လုပ်မှုတစ်ခုတည်းနဲ့ မပြီးပါဘူး၊ ကုန်ပစ္စည်းတွေ လိုအပ်တဲ့အချိန်မှာ ထုတ်ယူနိုင်ဖို့ သိုလှောင်ဖြန့်ချိရေးစနစ်ဟာလည်း အရေးကြီး ပါတယ်၊ ဒီကနေတစ်ဆင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကိုလည်း အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ပေး နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

 

အဆိုပါ ဖြန့်ချိရေးကုန်လှောင်ရုံကို ဂျပန်နိုင်ငံရှိ Ryobi Myanmar ဖြန့်ချိရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က ဂျပန်ယန်းငွေ စုစုပေါင်း ၂၉ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ၂၀၁၇ ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ပြီး ယခု ၂၀၁၈ဇွန်လတွင် ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

“မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့အခြေခံအဆောက်အအုံတွေ တိုးတက် လာဖို့ ဂျပန်အစိုးရအနေနဲ့ ODA ချေးငွေအသုံးပြုပြီး ဆောင်ရွက်နေပါတယ်၊ ဒီ ODA  နဲ့ ဂျပန်စီးပွားရေးကုမ္ပဏီ တွေက လာရောက်ရင်းနှီးမြှုပ်နှံကြမယ်၊ ODA နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ အားကောင်းလာမယ်ဆိုရင် မြန်မာစီးပွားရေးတိုးတက်ဖို့ အခိုင်အမာယုံကြည်ပါတယ်၊ သီလဝါအထူးစီးပွားရေးဇုန်မှာ ခုလို ဂျပန်စီးပွားရေး လုပ်ငန်းတွေ ဆက်တိုက်ဆက်တိုက်ဖွင့်လှစ်သွားနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဂျပန်သံအမတ်ကြီးက ပြောသည်။

 

အဆိုပါ ဖြန့်ချိရေးကုန်လှောင်ရုံကို အကျယ်အဝန်း စတုရန်းမီတာ ၅သောင်းကျော်သော မြေနေရာတွင် ဧရိယာ ၃၆၀ဝဝစတုရန်းမီတာအကျယ် တည်ဆောက်ထားသဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ကြောင်း၊ ကုန်လှောင်ရုံတွင် Frozen, Chilled, Aircon, Dry စသည်ဖြင့် အပူချိန်အမျိုးမျိုးကို ထားရှိပေးနိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်အတွက် သင့်လျော်သော နောက်ဆုံးပေါ် လေအေးပေးစနစ်ဖြစ်သည့် အမိုးနီးယားနှင့် ကာဗွန်ဒိုင်အောက်ဆိုက် လေအေးပေးစနစ်ကို ထည့်သွင်းအသုံးပြုထားကြောင်း၊ ယင်းစနစ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအသုံးပြုသည့် စနစ်လည်းဖြစ်ကြောင်း၊ ၄၈ နာရီလျှပ်စစ်ဓာတ်အား ထောက်ပံ့ ပေးနိုင်သော စနစ်လည်း ပါဝင်သောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု များမှလည်း ကာကွယ်နိုင်ကြောင်း သိရသည်။

 

အဆောက်အအုံတွင် အထပ်နှစ်ထပ်ပါရှိပြီး ပထမထပ်တွင်ကုန်တင်ယာဉ်အစီး ၂၀၊ ဒုတိယထပ်တွင် အစီး ၂၀ တစ်ပြိုင်တည်း ကုန်တင်ကုန်ချ ပြုလုပ်နိုင်သဖြင့် အဆိုပါ ဖြန့်ချိရေးကုန်လှောင်ရုံကြီးမှာ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ အကြီးဆုံး ကုန်လှောင်ရုံဖြစ်သည်သာမက နည်းပညာအမြင့်မားဆုံး ကုန်လှောင်ရုံ လည်း ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ-မြင့်မောင်စို