မြန်မာ့ပို့ကုန်များ အရည်အသွေးထိန်းသိမ်းနိုင်ရန်နှင့် ကုန်ကျစရိတ်လျှော့ချ ယှဉ်ပြိုင်နိုင်ရန် နိုင်ငံတကာအဆင့်မီ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး ဗဟိုစခန်းများ စတင်ဆောင်ရွက်မည်

mdn

နေပြည်တော် ၂၄ ဇန်နဝါရီ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် HUBS MK Co.,Ltd တို့ ပူးပေါင်း၍ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး ဗဟိုစခန်း (Logistics Hub) တည်ဆောက်ရေး စီမံကိန်းအတွက် သဘောတူညီချက် မှတ်တမ်း (Memorandum of Agreement - MOA) လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့သည်။

 

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် HUBS MK Co.,Ltd မှ Managing Director နှင့် CEO         Mr. Kang Shangwon တို့က အမှာစကားပြောကြားပြီး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် HUBS MK Co.,Ltd ၏ Managing Director နှင့် CEO ဖြစ်သူ Mr. Kang Shangwon တို့က သဘောတူညီချက်မှတ်တမ်းကို လက်မှတ်ရေးထိုးကြသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရေးဆွဲ၍ ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိရာ မြန်မာ့ပို့ကုန်များ အရည်အသွေးထိန်းသိမ်းနိုင်ရန်နှင့် ကုန်ကျစရိတ် လျှော့ချယှဉ်ပြိုင်နိုင်ရန် အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်သော နိုင်ငံတကာအဆင့်မီ Logistics Hub များ လိုအပ်လျက်ရှိသည်။

 

အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြေ ၅၉ ဒသမ ၁၀၇ ဧကပေါ်တွင် ခေတ်မီနည်းပညာများ အသုံးပြုမည့် Logistics Hub ကို တည်ထောင်နိုင်ရေးအတွက် ကနဦး လေ့လာဆန်းစစ်မှုများ စတင်ဆောင်ရွက်မည်ဖြစ် သည်။

 

 

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်များထွက်ရှိရာ အခြားလိုအပ်သော ဒေသများတွင်လည်း Logistics Hub များ ဆက်လက်တိုးချဲ့ တည်ထောင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)