မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများ၊ ဆင်အကြောင်းစိတ်ဝင်စားသူများ ပလင်းကမ်းသာယာ ဆင်ပြတိုက်ကြီးသို့ လာရောက်လေ့လာနိုင်ပြီ

ညောင်ဦး ဒီဇင်ဘာ ၇

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းတွင် ဖွင့်လှစ်ပြသသွားမည့် နိုင်ငံတကာအဆင့်မီ ပလင်းကမ်းသာဆင်ပြတိုက်ကြီးအတွင်း ဆင်များနှင့်ပတ်သက်၍ ဆင်တစ်ကောင်လုံး အရိုးစု၊ ဆင်ဝန်ထမ်းများနေအိမ်၊ ဆင်များတောတွင်း လှုပ်ရှားရုန်းကန်ရပုံများကို ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်ပြတိုက်တွင် လေ့လာနိုင်ကြောင်း သိရသည်။

 

ပလင်းကမ်းသာယာ ဆင်စခန်းတွင် ပြသမည့် ဆင်ပြတိုက်

 

အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းအား ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ လေးနှစ်ပြည့်မြောက်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာ့ဆင်များအား ကာကွယ်ထိန်းသိမ်းနိုင်ရေး ဆင်စခန်းများ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိပြီး ဆင်စခန်းများအတွင်း ဆင်များ၏ သဘာဝ၊ နေထိုင်မှု၊ အလေ့အထများကို ဆင်ချစ်သူများ ပိုမိုသိနားလည်လာပြီး ပြည်သူများအနေဖြင့် ဆင်များကို ပိုမိုချစ်ခင်တန်ဖိုးထား တတ်စေရန်၊ မြန်မာ့သစ်လုပ်ငန်းအနေဖြင့်  ဆင်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ဆင်ဦးစီးနှင့် ဆင်တို့၏ ကောင်းမွန်သည့် ရင်းနှီးသည့်ဆက်သွယ်မှု၊ ဆက်နွယ်မှုကို သိရှိနိုင်ပြီး မြန်မာ့သဘာဝ သစ်တောများတွင် တောဆင်များကို ထိန်းသိမ်းကာကွယ်နိုင်စေရန်နှင့် ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု သိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင်ရွက်လာစေရန်၊ ဆင်များသည် ဂေဟစနစ်အား ဟန်ချက်မျှစေသည့်ကဏ္ဍတွင် အရေးပါသည်ကို ဆင်ချစ်သူများနှင့် အများပြည်သူလူထုသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ရှင်းပြသည်။

 

ယခုဖွင့်လှစ်ပြသထားသည့်  ပလင်းကမ်းသာယာ ဆင်စခန်းဝင်းတွင်းရှိ ဆင်ပြတိုက်ကြီးတွင် အောက်ဖော်ပြပါ ပြကွက်များကိုလေ့လာနိုင်ရန် ပြသထား

 

ဆင်အကြောင်းသမိုင်း၊ အာရှဆင်များ၏ နေထိုင်ကျက်စားမှု၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များနေထိုင် ကျက်စားမှု၊ မြန်မာနိုင်ငံတွင် ဆင်များနေထိုင်ကျက်စားမှု၊ အာရှဆင်နှင့် အာဖရိကဆင်တို့၏ ခြားနားချက်၊ ဆင်များ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၊ ဆင်စွယ်အကြောင်း သိကောင်းစရာနှင့် မြန်မာနိုင်ငံတွင် ဆင်စွယ်အမျိုးအစား ခွဲခြားထားမှုများ၊ မြန်မာ့သမိုင်းတွင် ဆင်များ၏ အရေးပါမှု၊မြန်မာနိုင်ငံမှ ဆင်ဖြူတော်များ၊ မြန်မာနိုင်ငံမှ တောဆင်များ ဆင်စွယ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် သတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် နေရာပြကွက်များ၊ တောဆင်ရိုင်များကို တရားမဝင်သတ်ဖြတ်၍  ဆင်နှင့်ပတ်သက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကမ္ဘာတွင် တရားမဝင်ဈေးကွက် ဖြစ်ပေါ်ရောင်းချနေကြပုံနှင့် ထိုသို့ပြုမူသော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်မှုများ၊ နိုင်ငံတော်အစိုးရအနေဖြင့် တောဆင်ရိုင်းများ ကာကွယ်ရေးနှင့် ဆင်နှင့်လူ ပဋိပက္ခများ ဖြေရှင်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းပြကွက်များ၊ ကမ္ဘာ့ဆင်များနေ့အကြောင်း သိကောင်းစရာ၊ မြန်မာ့သစ်လုပ်ငန်း၏ အရေးပေါ်တောဆင်မောင်းအဖွဲ့ ဆောင်ရွက်နေမှုများ၊ မြန်မာ့သစ်လုပ်ငန်း၏ ဆင်များကို စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများ၊ ဆင်များ၏ အလေ့အထ၊ သဘောသဘာဝ၊ အမူအကျင့်နှင့် ဇီဝကမ္မဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များ၏ အသက်အရွယ်နှင့် အလုပ်လုပ်နိုင်စွမ်းအားကို မူတည်၍ အတန်းအစားခွဲခြားထားခြင်း၊ ဆင်ဦးစီးများ ဆင်ကိုထိန်းချုပ်နိုင်သည့် အာရုံကြောနေရာများ၊ မှိန်းသင်ကြားခြင်းဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်အမွှာပူးမွေးခဲ့သည့် မှတ်တမ်း၊ မြန်မာနိုင်ငံတွင် ဆင်ဦးစီးများ အသုံးပြုသည့် အမိန့်ပေးသံများ(စကားလုံး)များ၊ လေ့လာနိုင်မည်ဖြစ်ကြောင်း လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ရှင်းပြသည်။

 

ပလင်းကမ်းသာယာဆင်ပြတိုက်တွင် ဆင်များကိုထိန်းချုပ်ခိုင်းစေရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာ တန်ဆာပလာများ၊ တောတွင်းဆင်ဝန်ထမ်းများနေထိုင်သည့် ဆင်ဝိုင်းပုံစံငယ်အိမ်အိမ်များ၊ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ လက်ထက်က အသုံးပြုခဲ့သည့် ဆင်မှတ်ပုံတင်စာအုပ်၊ ဆင်တစ်ကောင်ချင်းစီအတွက် အသေးစိတ်အချက်အလက်များ ရေသွင်းထားသည့် စာအုပ်ပုံစံ(ည)၊ သစ်ထုတ်ရေးဌာန၏ ဌာနဆိုင်ရာ ညွှန်ကြားလွှာ၊ အမှုထမ်းများလိုက်နာရန် အမိန့်လက်စွဲစာအုပ်များ၊ အမျိုးအစားမတူသည့် ဆင်စွယ်လေးစုံ၊ ဆင်သားရေ၊ ဆင်စွယ်ဖြတ်စ၊ ဆင်မြှီးများ၊ အသက်(၅၆)နှစ်အရွယ်တွင် သေဆုံးခဲ့သည့် ဆင်တစ်ကောင်လုံး၏ အရိုးစုပြခန်း၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဦးစီးယူနီဖောင်းဝတ်စုံ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်နေမှုများ၊ ဆင်ဦးစီးများ၏ တောတွင်းနေထိုင်မှု ဘဝစသည့် ဗွီဒီဖိုင်များပြသထားသည့် ဆင်နှင့်ပတ်သက်သည့် မှတ်တမ်းဗွီဒီယို ပြသပေးထားကြောင်း၊ ဆင်စွယ်များဖြစ်သည့် အခေါ်အဝေါ် သပိတ်ပိုက်ဆင်စွယ်စုံ၊ စွယ်တုတ်ဆင်စွယ်စုံ၊ စွယ်ဝိုက်ဆင်စွယ်စုံ၊ စွယ်စိုက်ဆင်စွယ်စုံများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆင်စခန်းဝင်ကြေးအဖြစ် တစ်ထောင်ကျပ်၊ ဆင်စာတစ်ဗန်းတစ်ထောင်ကျပ်၊ ဆင်စီးခ ပြည်တွင်း ငါးထောင်ကျပ်နှင့် ပြည်ပ တစ်သောင်းကျပ်တို့အား ဆင်စခန်းဝင်ကြေးကောက်ခံကာ ဆင်ပြတိုက်အား  အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားရှိပေးထားမည်ဖြစ်ကြောင်း သိရသည်။ ပလင်းကမ်းသာယာဆင်စခန်း ဧရာဝတီမြစ်ဘက်အထွက် လေညှင်းခံတံတား တည်ဆောက်နေရာ လျှောက်လမ်းအရှည် (၁၁၀)ပေ၊ တံတားပေါ်တွင် ဆဌဂံအဆောင် (၂၄ ပေ ၃၀ပေ)တစ်ဆောင်ပါဝင်ကာ တံတားစုစုပေါင်းအရှည် (၁၃၀)ပေ၊ တံတားလျှောက်လမ်း ခန်းပွင့်အကျယ် (၈)ပေ၊ ဆဌဂံဆောင်အခန်းဖွင့် အကျယ်(၆)ပေ၊ တံတားတိုင်ပေါင်း(၈၃)လုံး (ကျွန်း)တိုင်များဖြင့် တည်ဆောက်ထားသည်။ ဆင်ပြတိုက်နှင့်အတူ လေ့လာလေညင်းခံနိုင်ရန် ဧရာဝတီမြစ်ကြောင်းအလှ ကြည့်ရှုနိုင်ရန် ရှုခင်းကြည့်တံတားပေါ်မှ ရှုခင်းကြည့်နိုင်ပြီး ဆင်စခန်းသို့ လာရောက်လေ့လာ လည်ပတ်သများနားနေနိုင်ရန် မြစ်ကမ်းဘေးတစ်လျှောက် ခြေတံရှည်ထန်းရွက်မိုးနားနေတဲများ၊ သစ်ပင်ကြီးများနှင့် တွဲတည်ဆောက်ထားသည့် နားနေဆောင်များပေါ်တွင် အပန်းဖြေနိုင်သေးသည်။ ပလင်းကမ်းသာယာဆင်စခန်းတွင် စွယ်စုံဆင်ထီး (၃)ကောင်နှင့် ဆင်မ(၄)ကောင် စုစုပေါင်း (၇)နှစ်ကောင်ရှိပြီး ဆင်စခန်းရှိ လေဘယ်အညွှန်း လမ်းညွှန်များအားလုံး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားကြောင်း သိရသည်။

 

ကိုထိန် (KPD)