မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ဟိန်းစည်သူ 2020 Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲအောင်မြင်

၂၃ ဖေဖော်ဝါရီ

2020 Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား ဟိန်းစည်သူသည် လက်ရည်စစ်ပွဲအောင်မြင်ပြီး 2020 Asian Tour ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

 

လက်ရည်စစ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံရှိ Lake View Resort and Golf Club ၌ ကျင်းပခဲ့ပြီး ပထမနေ့တွင် စုစုပေါင်းရိုက်ချက် ၇၀၊ ဒုတိယနေ့တွင် စုစုပေါင်းရိုက်ချက် ၇၁ ချက်၊ တတိယနေ့တွင် စုစုပေါင်းရိုက်ချက် ၆၄ ချက်၊ စတုတ္ထနေ့တွင် စုစုပေါင်းရိုက်ချက် ၆၉ ချက်၊ ပဉ္စမနေ့တွင် စုစုပေါင်းရိုက်ချက် ၆၉ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၁၂ ချက် လျော့ရိုက်ကာ အဆင့် ၃ နေရာမှ လက်ရည်စစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၇)နိုင်ငံမှ ကစားသမား စုစုပေါင်း (၂၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး (၃၅)ဦးသာ လက်ရည်စစ်ပွဲအောင်မြင်ခြင်းဖြစ်ကာ ဟိန်းစည်သူအနေဖြင့် တတိယနေရာမှ လက်ရည်စစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။

 

၂၀၁၉ ခုနှစ်တွင်လည်း  မြန်မာပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ကစားသမား  ရဲထက်အောင်သည်လည်း 2019 Asian Tour လက်ရည်စစ်ပွဲကို အောင်မြင်ခဲ့ဖူးကြောင်း သိရသည်။ Asian Tour က ကြီးမှူးကျင်းပသော ဂေါက်သီးရိုက်ပြိုင်ပွဲသည် ကမ္ဘာ့ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် တတိယအဆင့်ရှိပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ ဂေါက်သီးရိုက်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ပြိုင်ပွဲလည်း ဖြစ်သည်။

သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-Asian Tour