မြန်မာ့ရိုးရာ ပန်းပုရုပ်များအား အလှဆင်ရန် ဝယ်ယူသူများရှိလာ

သုဝဏ္ဏဝတီမြို့၊ ၁၇ ဇန်နဝါရီ

 

မြန်မာ့ရိုးရာ ပန်း ၁၀ မျိုးမှာ တစ်မျိုးအပါအဝင်ဖြစ်သည့် ပန်းပုပညာနှင့် ထုဆစ်ပြုလုပ်ထားသော သစ်သားပန်းပုရုပ်များအား ရိုးရာလက်မှုအနုပညာကို ချစ်မြတ်နိုးသော ပြည်သူများက စားသောက်ဆိုင်များတွင် လည်းကောင်း၊ အိမ်များရှိ ဧည့်ခန်းများတွင် လည်းကောင်း အလှဆင်လာကြသည်ကို တွေ့ရပြီး ပန်းပုပညာဖြစ် အသက်မွေးဝမ်းကျောင်းနေကြသည့် ပန်းပုပညာရှင်များက အလုပ်ရှင်များခေါ်ယူရာ အရပ်ဒေသများသို့ သွားရောက်၍ ပန်းပုရုပ်များကို လခစား၊ ပုတ်ပြတ်အဖြစ် လုပ်ကိုင်နေကြသည်။

 

မိမိကြိုက်နှစ်သက်တဲ့ သစ်အမျိုးအစား၊ ပုံသဏ္ဌာန်၊ အရွယ်အစားအလိုက် အော်ဒါမှာယူရင် ထုလုပ်ပေးနေပါတယ်၊ လက်မအလိုက် လက်ခယူပါတယ်၊ သစ်ဖိုး၊ လက်ခနဲ့ လိုအပ်တဲ့ အရောင်တင် ဆေးဖိုးကုန်ကျစားရိတ်နဲ့ ကုန်ဈေးနှုန်း၊ အချိန်တွေကိုပါ တွက်လိုက်ရင် ကိုယ့်အတွက် အကျိုးအမြတ် အနည်းငယ်သာ ရရှိပါတယ်၊ လိုအပ်တဲ့ သစ်အမျိုးအစား ရရှိဖို့ အဆင်ပြေတာလဲ ရှိသလို အဆင်မပြေတာလဲ ရှိပါတယ်၊ မြန်မာ့ပန်းပုလောက တိုးတက်လာလားဆိုရင်တော့ ပြောရခက်ပါတယ်၊ ပန်းပုပညာကို လက်ဆင့်ကမ်းမဲ့ လူငယ်များလည်း နည်းပါးလာလို့ပါ ဟု ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒါးပိန်ကျေးရွာမှ သုဝဏ္ဏဝတီမြို့သို့ အဖွဲ့လိုက် လာရောက်လုပ်ကိုင်နေသူ ကိုရှိန်းလူက ပြောသည်။

 

သစ်သားပန်းပု ထုလုပ်ရာတွင် ဒေသတွင်းမှာ ရရှိနိုင်သော ကျွန်း၊ ပျဉ်းကတိုး၊ ကုက္ကို၊ ပိတောက်၊ ယင်းတိုက် စသော အပင်များ၏ သစ်သား၊ အသုံးမဝင်တော့သည့် သစ်မြစ်ဆုံများပါ မကျန်၊ စားပွဲ၊ ကုလားထိုင်၊ ကြိုက်နှစ်သက်ရာ ပန်းပုရုပ်များကို ပြုလုပ်စေပြီး ပြန်လည်ရောင်းချရန်နှင့် မိမိ၏ စားသောက်ဆိုင်တွင် အလှဆင်ရန် ဖြစ်ကြောင်း၊ ပန်းပုပညာကို စိတ်ဝင်စား၊ ဝါသနာပါ၍ အကျိုးအမြတ်ကို အဓိကမထားဘဲ ပန်းပုပညာရှင်များကို အားပေးရန်အတွက်သာ ဖြစ်ကြောင်း၊ နောင်အချိန်ကာလများ၌ ပန်းပုထုလုပ်ရာတွင် သစ်ကုန်ကြမ်းများ ရှားပါးလာနိုင်ကြောင်းကို  မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် ပရိဘောဂရောင်းဝယ်ရေးဆိုင် ဖွင့်ထားသူ ဦးကျော်ဝေက ပြောသည်။

 

ခွန်(ဝင်းပ)