မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အကယ်ဒမီ မေလွင် (အေဝမ်း) နှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

 

မြန်မာ့ရုပ်ရှင်စကားဝိုင်း (တွေ့ဆုံသည့်နေ့ - ၁၁. ၈. ၂၀၀၉) (အထူးတောင်းပန် မေတ္တာရပ်ခံချက် - ဒေါ်မေလွင်နှင့် တွေ့ဆုံ စကားပြောပြစဉ်က အေဝမ်း (မေ)အုပ်စုမှ မေမြင့်ရီနှင့် မေသဇင်တို့ သက်ရှိထင်ရှား ရှိနေကြောင်း မသိရှိရသည့်အတွက် “မေလွင် ကို “မေ” အုပ်စု၏ နောက်ဆုံး တစ်ဦးတည်း ကျန်ရစ်သူအဖြစ် ပြောဆိုခဲ့ခြင်းအပေါ် အထူးမေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။ နောက်ပိုင်းတွင် “မေမြင့်ရီ” နှင့် “မေသဇင်” တို့ကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့နှစ်ဦးစလုံး ယနေ့တိုင် ရုပ်ရှင်သက်ကြီး အကန်တော့ခံများအဖြစ် ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။)


“မေ” ဆိုတာဟာ ချစ်စဖွယ်ကောင်းသော မိန်းကလေးဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။


ဒီချစ်စဖွယ်ကောင်းသော မိန်းကလေး တွေဟာ ပန်းများလိုပဲ ကြွေကြွေသွားကြ တာက နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ပန်းကလေး တစ်ပွင့်နဲ့ ဒီရုပ်ရှင်စကားဝိုင်းကို ပြောဆိုဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီ “မေ” ဆိုတဲ့ ပန်းပွင့်ကလေးကတော့ “မေလွင်” ဖြစ်ပါတယ်။


ကြည်စိုးထွန်း။ ။ အခု “မေလွင်” နဲ့ ကျွန်တော် ရုပ်ရှင်စကားဝိုင်းကို စပါတော့မယ်။ အစ်မရေ မင်္ဂလာပါ။

ဒေါ်မေလွင်။ ။ မင်္ဂလာပါ။

 

ကြည်စိုးထွန်း။ ။ နေကောင်းတယ်နော် အစ်မ ။

ဒေါ်မေလွင် ။ ။ ကောင်းပါတယ်။

 

ကြည်စိုးထွန်း။ ။ အရင်အပတ်ကလည်း “မေ”တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ပြောခဲ့ပြီးပြီပေါ့နော်။
ပြောခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက တရှိုက်မက်မက်ပေါ့လေ။ အင်မတန် ချစ်ရခင်ရ အားပေးရတဲ့ မင်းသမီးတွေထဲက အစ်မကျန်ရစ်ခဲ့တာကို အင်မတန်လည်း ဝမ်းသာပါတယ်။ တစ်လောကမှ ကျွန်တော်တို့ “မေ” ထဲက ဒေါ်မေရှင်ရယ်။ ဒေါ်မေနွဲ့ရယ်နော်၊ ကြွေသွားကြပြီ၊ လွမ်းစရာလည်းကောင်း၊ တမ်းတ စရာလည်းကောင်း၊ ဘာပဲဖြစ်ဖြစ် အစ်မတစ်ယောက် ကျန်ရစ်နေတာတော့ ကျွန်တော်တို့အတွက်တော့ “မေ” အလွမ်း ပြေ ကြည့်ရတာပေါ့ အစ်မရယ်၊ ဟုတ်ကဲ့ အစ်မ အခုအသက်ဘယ်လောက် ရပါပြီလဲခင်ဗျာ။


ဒေါ်မေလွင်။ ။ ၉၃ ခု ဖွားဆိုတော့ ၇၈ နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ၇၉ ထဲကို စဝင်ပါပြီ။

ကြည်စိုးထွန်း။ ။ ဒီလထဲမှာပဲလား။

 

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ရှင့်။

ကြည်စိုးထွန်း။ ။ ဪ တိုက်တိုက် ဆိုင်ဆိုင် အစ်မရယ်နော်။ ၁၂၉၃ ဆိုတော့ ၁၃၀၀ ဆိုတော့
၇ နှစ် ဟုတ်တာပေါ့ အစ်မရယ်။

 

ဒေါ်မေလွင်။ ။ လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက် လပြည့်နေ့ကမှ ပြည့်ခဲ့ပါတယ်။

ကြည်စိုးထွန်း။ ။ ဟုတ်လား။ ဪ အစ်မက ဝါခေါင်လပြည့်ဖွား။

 

ဒေါ်မေလွင်။ ။ လပြည့်ကျော်တစ်ရက် နေ့ဖွားပါ။

ကြည်စိုးထွန်း။ ။ ဟုတ်လား။ ဒါဆို မေတ္တာ အခါတော်နေ့ခေါ်တာပေါ့။ ကောင်းလိုက်တာ အစ်မရယ်။ အစ်မကို စပြီးတော့ ကျွန်တော် သတိထား မိတဲ့ ကားပေါ့နော်။ သတိထားမိတဲ့ကားက “ဂုဏ်ရည်မတူ” ထင်တယ် အစ်မရဲ့။ ကျွန်တော်တို့ ကလေးဘဝကနော်၊ အဲဒါ အစ်မ စပါတာထင်တယ်။ အဲဒီတော့ အစ်မ ရုပ်ရှင်ထဲကို ဘယ်လိုနည်းနဲ့ ရောက်တယ်ဆိုတာ သိချင်ပါတယ် အစ်မရယ်။

 

ဒေါ်မေလွင်။ ။ ရုပ်ရှင်ထဲကို ရောက်တာတော့ အစ်မရဲ့အဖေက ဦးတင်မောင်နဲ့ သူငယ်ချင်းဆိုတော့ သူက သူ့ သူငယ်ချင်းကို အပ်တာပါ။ အပ်ပြီးတော့ မကြာခင်မှာပဲ ဖေဖေက ဆုံးသွားတယ်။ ဆုံး သွားတော့ ဦးတင်မောင်က ဆက်ပြီး အဖေနေရာမှာ စောင့်ရှောက်ပါတယ်။

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့ အစ်မ။

 

ဒေါ်မေလွင်။ ။ ဦးတင်မောင် ထောင် လို့ ဒီဘဝ ရောက်ခဲ့တာပါ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မ ကျွန်တော်ဖတ်ဖူးခဲ့တယ်။ အစ်မတို့ အဖေက မီးရထားဝန်ထောက်လားမသိဘူး။

 

ဒေါ်မေလွင်။ ။ ဟုတ်ပါတယ်။ မီးရထား အရာရှိပါ။

ကြည်စိုးထွန်း။ ။ ဒါကတော့လေ အေဝမ်းခြံက ကျွန်တော့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေလို ဖြစ်နေတဲ့ ကိုမြင့်
တို့၊ ကိုသိန်းတို့ ပြောပြတဲ့အခါကျတော့ သူတို့ အဖေက ဦးလှဘူး။ ဦးလှဘူးနဲ့ အစ်မတို့ အဖေတွေကလည်း ကျောင်းနေဖက်တွေ ။

 

ကြည်စိုးထွန်း။ ။ နောက်တစ်ခါ လူထုဦးလှ။ လူထု ဦးလှလည်း ကျောင်းနေဖက်တွေ ပါပဲနော်။ နောက်တစ်ခါ ဦးတင်မောင်ကလည်း ကျောင်းနေဖက်၊ နောက် ဦးအေးကြူခေါ်တဲ့။

 

ဒေါ်မေလွင်။ ။ မင်းသား ဦးအေးကြူ။

ကြည်စိုးထွန်း။ ။ မင်းသား ဦးအေးကြူလေ။ အဲဒါက ကိုသန်းတို့၊ ကိုသိန်းတို့ရဲ့ ဦးလေး ဖြစ်သွားတာပေါ့။ နောက် တစ်ယောက်ရှိသေးတယ် အစ်မ။ ဒဂုန် မြတ်လေးနွယ်ဆိုတာ။

 

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့ အဲဒါက အစ်ကို အကြီးဆုံးပါ။ ကိုအေးကြူရဲ့ အစ်ကိုအကြီးဆုံးပါ။
ကြည်စိုးထွန်း။ ။ အဲဒီ ညီအစ်ကိုတွေရော၊ အစ်မတို့ အဖေရော၊ ဦးတင်မောင်ရော။ နောက်တစ်ယောက်ပါသေးတယ်။ နောက်တစ်ယောက်ကတော့ နည်းနည်း ဂျူနီယာကျမယ်ထင်တယ်။

 

ဒေါ်မေလွင်။ ။ ဦးလေး ကိုလှဖေလေ။

ကြည်စိုးထွန်း။ ။ အဲ - ပြည်လှဖေလည်း ပါတယ်။ အဲဒါ သူတို့က ဘောလုံးအဖွဲ့ ဖွဲ့ပြီးတော့ ဂိုးစောင့်တာက ဘယ်သူလဲ အစ်မ ။ အဲဒီမှာ ဂိုးဖမ်းကောင်းတယ် ပြောတာဘယ်သူလဲ မသိဘူး။

 

ဒေါ်မေလွင်။ ။ ကိုအေးကြူလည်း ဂိုးဖမ်း တာ ကောင်းပါတယ်။

ကြည်စိုးထွန်း။ ။ မင်းသားကြီး ဦးအေးကြူ ပေါ့နော်။ အခုတော့ဆုံးသွားပါပြီ။ သူက ဂိုးဖမ်းတယ်။ ကျန်တဲ့ဟာ က အစ်မတို့အဖေရယ်။

 

ဒေါ်မေလွင် ။ ။ အဖေကတော့ ဘောလုံး သမားပေါ့။

ကြည်စိုးထွန်း။ ။ ဘယ်ကျောင်းမှာလဲ အစ်မ။

 

ဒေါ်မေလွင်။ ။ ဟိုက်စကူး ကျောင်းမှာ ပါပဲ။ ဟိုးအရင် အစကတည်းက အင်္ဂလိပ်လက်ထက်ကတည်းက ပါပဲ။ နာမည်ကြီးတဲ့ ဟိုက်စကူးကျောင်းသားတွေပါ သူတို့က။

 

ကြည်စိုးထွန်း။ ။ တကယ့် Teenage ပေါ့နော်။ Teenage လောက်မှာ ခင်လာတဲ့ သူငယ်ချင်းတွေဆိုတော့ အဲဒီမှာ တင် အေဝမ်းဦးတင်မောင်ကို အစ်မတို့အဖေ၊ အစ်မတို့အဖေ နာမည်က -

 

ဒေါ်မေလွင်။ ။ ဦးငွေကိုင်

ကြည်စိုးထွန်း။ ။ ဦးငွေကိုင် ကနေပြီးတော့ ငါ့သမီးလေးတော့ မင်းကြည့်ရှုစောင့်ရှောက်ပါ ဆိုပြီးတော့ အပ်လိုက်တာပေါ့နော်။ အဲဒီတော့ အစ်မက ဒီအေဝမ်းခြံထဲ ရောက်လာရ တာပေါ့။

 

ဒေါ်မေလွင်။ ။ ဖေဖေ ဆုံးတော့ ဦးလေး ဦးတင်မောင်က အေဝမ်းခြံထဲမှာခေါ်ပြီး စောင့်ရှောက်ပါ တယ်။ တစ်ခါတည်း လခစားအဖြစ်ထားပြီးတော့ သမီးတစ်ယောက်လို စောင့်ရှောက်ပါတယ်။

 

ကြည်စိုးထွန်း။ ။ ကောင်းလိုက်တာ အစ်မရယ်။ သူငယ်ချင်းတွေနော်၊ ငယ်ငယ်က သူငယ်ချင်းအချင်းချင်း ချစ်တဲ့အချစ်က ဪ သူ့သားသမီး ငါစောင့်ရှောက်ရမှာပါလားဆိုတဲ့ အသိပေါ့နော်၊ မြန်မာလူတွေရဲ့ တစ်ဦးနဲ့တစ်ဦး စောင့်ရှောက်တတ်တဲ့ စိတ်ကလေးကတော့ တကယ်ကြည်နူးစရာ ကောင်းတာပေါ့နော်။ ဦးတင်မောင်နဲ့ အစ်မတို့ အဖေနဲ့ သူငယ်ချင်း အချင်းချင်းကနေပြီးတော့ သမီးကလေးက အဖေဆုံးတာနဲ့ ကိုယ့်ဆီ ရောက်လာတဲ့အခါ ကိုယ်ကလည်း ကိုယ့်သမီးလေးလို သဘော ထားပြီးတော့ လခစားပေး၊ ဦးတင်မောင်က လည်း ရုပ်ရှင်က ဝါသနာပါပြီး ရုပ်ရှင်ပဲလုပ်တတ်တဲ့ အခါကျတော့ ဒီကလေး မလေးကို ရုပ်ရှင်ထဲ ထည့်လိုက်တာပေါ့။

 

ဒေါ်မေလွင်။ ။ ဒီပညာပဲ သင်ပေးပါ တယ်။ ကားရိုက်တဲ့အခါလည်း အထူးအထူးကို သင်ပြပါတယ်။ သူကိုယ်တိုင်ကို အမူအရာတွေ လုပ်ပြပြီးတော့ကို သင်ပေးပါတယ်။ မဌေးကလည်း ကြိုးကြိုးစားစားကို သူသင်ပေးတဲ့အတိုင်း လိုက်လုပ်လို့လည်း ဒီလို ထူးထူးချွန်ချွန် ဖြစ်တယ်လို့ ထင်ပါတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ပါတယ် ဆရာကြီးကလည်း ကျွန်တော်ကြားသလောက်ပေါ့။ ဦးတင်မောင်ဟာ တပည့်သားမြေးအပေါ်မှာလည်း တကယ့်ကိုယ့်မိသားစုလို စောင့်ရှောက်တယ်။ ဆက်ဆံတယ်ဆိုတာ၊ ဦးဖိုးထောင်လေ၊ ဦးဖိုးထောင် ပြောပြောပြတယ်။

 

ကြည်စိုးထွန်း။ ။ သူကတော့ အာစရိလို့ ခေါ်တယ်၊ ဒါပေမယ့်သူဌေးနဲ့ တပည့်တို့ မဟုတ်ဘဲနဲ့ တစ်ခါတည်း မိသားစုလို ဆက်ဆံတယ်၊ သူတို့ကလည်း တစ်ခါတလေကျတော့ အစ်ကိုကြီး လို ဆိုးကြနွဲ့ကြတာမျိုးတွေလည်း ရှိတယ်လို့ ကျွန်တော်က ကြားဖူးတယ်။ အဲဒီတော့ ဦးတင်မောင်ရဲ့ စိတ်ထားပြည့်ဝမှုကတော့ ကျွန်တော်တို့က ကြားဖူးနေတာဆိုတော့ ဦးတင်မောင်လို သူတော်ကောင်းဆီကို အစ်မရောက်ခဲ့တာလည်း တကယ်ဝမ်းသာ စရာကောင်းပါတယ်။

 

ဒေါ်မေလွင်။ ။ တကယ့်ကျေးဇူးရှင်ကြီး ပါ။

ကြည်စိုးထွန်း။ ။ ပရိသတ် အနေနဲ့ကလည်း “မေ” မင်းသမီးသစ်ကလေး တစ်ယောက်ကိုတော့ ကြည့်ခဲ့ကြရတာပေါ့နော်။ အဲဒီတော့ ကျွန်တော် သတိထားမိတာကတော့ အစ်မ ရေ “ဂုဏ်ရည်မတူ” ပေါ့။ “ဂုဏ်ရည်မတူ” မှာ အစ်မက “ဖာတစ်လုံး ဦးခင်မောင်” ပေါ့နော်။ မင်းသား ခင်မောင်ရဲ့ နှမ။

 

ကြည်စိုးထွန်း။ ။ အဲဒီမှာ ကျွန်တော် သတိထား မိတာက“စိန်စိန်” ဆိုတာ တစ်ယောက်ရှိသေးတယ်။
“စိန်စိန်” ရယ်၊ နောက်တစ်ခါ “ဦးဘသစ်”၊ “ဦးဘသစ်” ကလည်း ရုပ်ရှင်ဝါသနာ ကြီးတယ်။

 

ကြည်စိုးထွန်း။ ။ ပန်းချီလည်း ဆွဲတယ်။ မိတ်ကပ် လည်းကောင်းတယ်။ သူ့သားတွေပေါ့။ ကိုအောင်သန်းတို့၊ ကိုဌေးသစ်တို့ ကိုဌေးသစ်ကတော့ ဒီမှာမရှိတော့ပါဘူး။ ပြည်ပရောက်နေပြီ။ သူတို့ဆိုရင်လည်း အဖေ့အမွေကို ဆက်ခံနိုင်ကြတာပေါ့နော်။ ကိုအောင်သန်းဆို အခုထိ မိတ်ကပ်လုပ်နေတာ။

 

ကြည်စိုးထွန်း။ ။ အဲဒီမှာ ဦးဘသစ်လည်း ကျွန်တော် တွေ့တယ်။ ဦးသုခတို့၊ ဦးခင်မောင်တို့၊ ဒေါ်မေသစ်တို့က တော့ ဒါ Main Actor တွေပေါ့။ အစ်မ အဲဒီ မှာ စပါရတော့ အစ်မ ဘယ်နှယ့်နေလဲ အမူအရာ လုပ်ရတာ။

 

ဒေါ်မေလွင်။ ။ ဒါလည်း ဦးတင်မောင် တို့၊ ဦးသုခတို့ရဲ့ ကျေးဇူးပါပဲ။ ဦးသုခက တော်တော်လေးကို သင်ပြပါတယ်။ ဦးတင်မောင်ရော ဦးသုခရော နှစ်ယောက်လုံး မင်းသား၊ ကိုခင်မောင်ကြီး ကလည်း သင်ပါတယ်။ မမသစ်တို့ကလည်း သင်ပါတယ်။ သူတို့က ဝိုင်းဝန်းပြီးလုပ်လို့ မဌေးလည်း တော်တော်လေးကို အဆင်ပြေသွားပါတယ်။

 

ကြည်စိုးထွန်း။ ။ သိသာတယ်နော်။ အဲဒီ မှာကို မေလွင်ဆိုတာ သိသွားတယ် အစ်မရဲ့၊ အမှန်ကတော့ အစ်မ နာမည်က
ဒေါ်မေလွင် ။ ။ မာမာဆွေ အဲဒီထဲမှာ

 

ကြည်စိုးထွန်း။ ။ ဒါပေမယ့် အစ်မရဲ့ နာမည် အရင်းက “မေလွင်” မဟုတ်ပါဘူး။

ဒေါ်မေလွင်။ ။ မတင်အေး

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့အစ်မ။ နောက် တစ်ကားကျတော့ အစ်မ ဘာကားရိုက်ရပါလဲ။

 

ဒေါ်မေလွင်။ ။ အဲဒါပြီးတော့ ရာဇဝင်ကား။ ကိုအေးကြူနဲ့မင်းသမီး ငါးယောက်နဲ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အစ်မ။ မှတ်မိပြီ။

ဒေါ်မေလွင်။ ။ သံ စုံ သွင်း ကား “ဘုမသိ ဘမသိ ” လူရွှင်တော် ဒါရိုက်တာ ဦးအောင်မြတ်။

 

ကြည်စိုးထွန်း။ ။ ဦးအောင်မြတ်က ဖိုက် တင်တွေ ဘာတွေမှာ ဆရာရွှေပြီးရင် ဦးအောင်မြတ်က ဖိုက်တင် ဒါရိုက်တာပေါ့ ၊ ဒုတိယဖိုက်တင် ဒါရိုက်တာပေါ့။ ဒါပေမယ့် သူက မြတ်သာ ဆိုပြီးတော့ လူရွှင်တော်လုပ်တော့ ဟာသ လည်း သူကပိုင်တယ်နဲ့ တူပါတယ်။

 

ဒေါ်မေလွင်။ ။ “မေ” မင်းသမီး ငါးယောက်နဲ့ အဲဒီမှာ။

ကြည်စိုးထွန်း။ ။ ပြောပါဦး အစ်မရယ်၊ အဲဒါ ဘယ်သူတွေလဲ။

 

ဒေါ်မေလွင်။ ။ ဒေါ်မေသစ်ရယ်၊ ဒေါ်မေ ဆန်း၊ ဒေါ်မေမြ၊ ဒေါ်မေနွဲ့။

 

ကြည်စိုးထွန်း။ ။ အဲ အစ်မ မေလွင် “မေ” ငါးယောက်ပေါ့။ ပျော်စရာကြီးနေမှာပေါ့ ရိုက်ရတာ။

ဒေါ်မေလွင်။ ။ ရာဇဝင်ကား တော်တော်လည်း ရယ်ရပါတယ် “ဘုမသိဘမသိ” ဆိုတဲ့ကား။

 

ကြည်စိုးထွန်း။ ။ ကျွန်တော် သိတာတော့ အမျိုးသမီး နာမည်က “ဘု” ထင်တယ်။

ဒေါ်မေလွင်။ ။ ဟုတ်ကဲ့။ မမသစ်က “ဘု” လုပ်ပါတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။ “ဘု” သိလား ဆိုတော့“ဘု” ကလည်းမသိဘူး။ အဘရော သိလားဆိုတော့ အဘက
လည်း မသိဘူးဆိုတဲ့ ကားနော်။

 

ဒေါ်မေလွင်။ ။ ဦးသာဂေါင်ကြီးက “ဘ” လုပ်တာကိုး။

ကြည်စိုးထွန်း။ ။ ဦးသာဂေါင်ကြီး ကလည်း ရုပ်ရှင်ကင်မရာမန်းကြီးသာပြောတာ လူရွှင်တော်နေရာမှာ
တအား အောင်မြင်တာပဲနော် အစ်မ၊ အစ်မတို့ ကျွန်တော်စဉ်းစားကြည့်တယ်။ အဲဒီ ခေတ်ကဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ကလည်း တအားရင်းနှီးပြီးတော့ မိသားစုလို ဖြစ်ပြီးတော့ မင်းပါဦးကွာ ဆိုရင်လည်း ဝင်ပါ ကြတယ်လေ၊ ကျွန်တော် သတိထားမိတာ အစ်မတို့ ကားတစ်ကားထဲမှာဆိုရင် အကယ်ဒမီရသွားတဲ့ ကင်မရာမင်း ဦးချစ် ဖွယ်၊ သူက အစ်မတို့ကားထဲမှာ ဝင်ပြီးတော့ သရုပ်ဆောင်တာလည်း ကျွန်တော်တို့ တွေ့ဖူးတယ်နော်။

 

ဒေါ်မေလွင်။ ။ လုပ်ပါတယ်။ ရာဇဝင်ဆိုလည်း သိကြားမင်းကြီးတွေ ဘာတွေဝင်လုပ်တယ်။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့အစ်မ “ဘုမသိ ဘမသိ” ပြီးတော့

 

ဒေါ်မေလွင်။ ။ “ချစ်မေမေ” စရိုက် တယ်။ ဦးချင်းစိန် ဒါရိုက်တာ ရွှေညာမောင်ပေါ့။ ဦးချင်းစိန်ရယ်၊ အမေနွဲ့ရယ်၊ ဦးသိန်းဇော်ရယ်၊ မဌေးရယ်။

 

ကြည်စိုးထွန်း။ ။ အဲဒီကျတော့ အစ်မ ဦးသိန်းဇော်နဲ့ အိမ်ထောင်ကျပြီလား။

ဒေါ်မေလွင်။ ။ မကျသေးပါဘူး။

 

ကြည်စိုးထွန်း။ ။ သြော် မကျသေးဘူး။ အဲဒီမှာတော့ တွေ့တွေ့နေကြပြီပေါ့။ သံယောဇဉ်တွေ ဖြစ်လာကြပြီ
ပေါ့နော်။ အဲဒါပြီးတော့။

 

ဒေါ်မေလွင်။ ။ အဲဒါပြီးတော့ “ချစ်တေးသံ” ဆက်ပြီးတော့ရိုက်ပါတယ်။

ကြည်စိုးထွန်း။ ။ “ချစ်တေးသံ” က ဘယ်သူလဲမသိဘူး အစ်မ။

 

ဒေါ်မေလွင်။ ။ “ချစ်တေးသံ” လည်း ဒေါ်မေမြရယ်၊ ဦးသိန်းဇော်ရယ်၊ မဌေးရယ်ပါ။

ကြည်စိုးထွန်း။ ။ အဲဒီမှာကရော ပေါ့ပေါ့ ပါးပါး ကားလေးပဲလား။

 

ဒေါ်မေလွင်။ ။ မဌေး မြင်းလှည်းတွေ ဘာတွေမောင်းရတယ်အဲဒီမှာ၊ မြင်းလှည်းမောင်းသမားလေ။

ကြည်စိုးထွန်း။ ။ မြင်းလှည်းမောင်း သမားလေဆိုတော့ အဲဒါ။

 

ဒေါ်မေလွင်။ ။ ဘောင်းဘီဝတ်ပြီး မြင်းလှည်းမောင်းရတယ်၊

ကြည်စိုးထွန်း။ ။ ယောက်ျားစိတ် ပေါက် တာလား။

 

ဒေါ်မေလွင်။ ။ ယောက်ျားစိတ်ပေါက်တာ မဟုတ်ပါဘူး။ မြင်းလှည်းမောင်းတဲ့ အဖေက နေမကောင်းတော့ ယောက်ျားလေးလို ဝတ်ခိုင်းပြီးတော့ မြင်းလှည်းမောင်းခိုင်းပါတယ်။ ဦးချင်းစိန် က အဖေကိုး ။

 

ကြည်စိုးထွန်း။ ။ အဲဒီတော့ ကိုသိန်းဇော်က၊

ဒေါ်မေလွင်။ ။ ကိုသိန်းဇော်က ရန်ကုန်ကနေ ပညာသင်ပြီး ပြန်လာရင်းက တွေ့ကြတာပါ၊ ဒေါ်မေမြ
လည်း ပါပါတယ်။

 

ကြည်စိုးထွန်း။ ။ ဒေါ်မေမြက ဘယ် နေရာကလဲ၊

ဒေါ်မေလွင်။ ။ ဒေါ်မေမြက သူဌေး သမီး၊ သူနဲ့သဘောတူထားတာ။

 

ကြည်စိုးထွန်း။ ။ ဪ အဲဒီလို ဇာတ်လမ်းလေးလုပ်ထားတာပေါ့။ ဦးချင်းစိန်ကလည်း သူ့နေရာ သူတော့ရအောင် ယူမှာပေါ့နော်။

ဒေါ်မေလွင်။ ။ ဦးချင်းစိန် ကတော့ အိုက်တင်အတော်ကောင်းတာပဲ။

 

ကြည်စိုးထွန်း။ ။ အစ်မကလည်း ဦးချင်းစိန် အကြောင်းကိုအစ်မ သိလား။ ကျွန်တော်တို့ ပထမဆုံး ကားတစ်ကားမှာ ဆရာရွှေကနေပြီးတော့ သူ့ကို အရိုက်ခိုင်းတာ၊ ဒီတက္ကသိုလ် ကျောင်းသားလေးကိုတော့ကွာ ဒီကောင် ဘယ်လောက် ရုပ်ရှင်ဝါသနာပါလဲ သိရ အောင်ဆိုပြီးတော့ သူ့ကို သားရေပြားနဲ့လား မသိဘူး ရိုက်ခိုင်းတာ အစ်မ ရဲ့၊ သုံးလေး ရက်လောက် မထနိုင်ဘူးပြောတယ်။ ထနိုင်တဲ့နေ့ကို စတူဒီယိုရောက်လာတာတဲ့၊ ရောက်လာတဲ့အခါကျမှ ဆရာရွှေက ဟာ ဒီကောင် တကယ်ဇွဲရှိတဲ့ကောင်ဆိုပြီး တော့ အဲဒီမှာ သူ့ကို လက်စွဲဖြစ်သွားတာတဲ့ အစ်မရဲ့။ ဦးချင်းစိန်က အဲဒီလောက်ထိကို ဝါသနာပါတာ သူက၊ အဲဒီလို ကြားဖူးတာပေါ့ အစ်မရယ်။

 

ဒေါ်မေလွင်။ ။ သင်လည်း အတော်ကို သင်တာပဲ။ မောင်မြင့်အောင်တို့ မင်းသားဖြစ်ခါစကဆိုရင် အတော်ကို ကြိုးကြိုးစားစားကို သင်တယ်၊ ခြောက်တစ်လှည့်၊ ချော့တစ်လှည့်နဲ့ကို သင်တာတစ်ခါတည်း။

ကြည်စိုးထွန်း။ ။ ဟိုတုန်းက အေဝမ်း က ဒါ ရိုက်တာကြီး တွေကနော် အမူအရာကို လုပ်ပြရတာ။

ဆက်လက်ဖော်ပြပါမည်