မြန်မာ့ထွက်ကုန်သီးနှံ ပဲဇီးကွက်နှင့် ပဲယင်းများ ယခုရက်ပိုင်အတွင်း ဈေးနှုန်းများ မြင့်တက်ကာ အရောင်းသွက်

မန္တလေး  ၂၅ နိုဝင်ဘာ

ကိုဗစ်-၁၉ ကာလအတွင်း အရောင်းအဝယ်များ အေးစက်ငြိမ်သက်နေသည့် ပဲမျိုးစုံသီးနှံများအနက် ပဲဇီးကွက်နှင့် ပဲယင်းသီးနှံများမှာ ပြည်တွင်းပြည်ပ ဝယ်လိုအား ကောင်းမွန်လာမှုကြောင့် ယခုရက်ပိုင်းတွင် ဈေးကွက်အတွင်း၌ ဈေးနှုန်းများ မြင့်တက်ကာ အရောင်းအဝယ်များ ပြန်လည်သွက်လက် မြန်ဆန်လာကြောင်း မန္တလေးပဲကုန်သည်များ ထံမှ သိရသည်။

 

လက်ရှိတွင် ပဲဇီးကွက်မှာ ဈေးကွက်အတွင်း၌ ပေါ်ဦးပေါ်ဖျား မတ်လအတွင်းက သုံးတင်းဝင်တစ်အိတ်လျင် ၆၀၀၀၀ နှုန်းသာရှိခဲ့ရာမှ ယခု နိုဝင်ဘာ တတိယပတ်တွင် ၈၅၀၀၀ နှုန်းထိ၎င်း၊ ပေါ်ဦးပေါ်ဖျား မတ်လအတွင်းက သုံးတင်းဝင်တစ်အိတ်လျှင် ၆၀၀၀၀ နှုန်းသာရှိခဲ့သော ပဲယင်းမှာလည်း ယခုနိုဝင်ဘာ တတိယပတ်တွင် ၇၃၀၀၀ နှုန်းထိ၎င်း၊ ဈေးနှုန်းများမြင့်တက်ကာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေးမြို့ မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

''ဒီရက်ပိုင်းမှာတော့ မန္တလေးဈေးကွက်မှာ ပဲယင်းနဲ့ ပဲဇီးကွက်တွေ အရောင်းအဝယ်ပြန်ပြီးသွက်လာတယ်။ ပဲဈေးကွက် အေးစက်နေတဲ့ကာလမှာ အခုလိုဒီပဲနှစ်မျိုးက အရောင်းအဝယ်ပြန်ပြီး သွက်လာတဲ့အတွက် အားရစရာအခြေအနေပါပဲ။ ပဲဇီးကွက်ကို တရုတ်နိုင်ငံကဝယ် လိုအားကောင်းနေတဲ့အတွက် လက်ရှိဈေးကွက်မှာ ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်ပေါ်နေသလို ပဲယင်းကိုလည်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက အပြိုင်ဝယ်နေကြတယ်။ ပဲယင်းကို ပိုးသတ်ဆေးမသုံးပဲ ကြာရှည်သိုလှောင်ထားနိုင်တယ်။ ဒီနှစ်ကတော့ ပဲဇီးကွက်နဲ့ ပဲယင်းကို လှောင်ထားကြတဲ့ ကုန်သည်နဲ့ တောင်သူတွေ အကျိုးရှိဆုံးနှစ်ပါပဲ" ဟု ၎င်းကပြောသည်။ 

 

ပဲယင်းနှင့် ပဲဇီးကွက်သီးနှံများကို ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလ များတွင် စတင်စိုက်ပျိုးကြကာ မတ်လအတွင်းထွက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ် သက်သာပြီး အထွက်နှုန်းကောင်းမွန် သည့် ပဲအမျိုးအစားများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

လက်ရှိအချိန်တွင် ပဲဇီးကွက်ကို တောင်သူများမှ ဈေးကွက်အတွင်း လွယ်ကူစွာ ရောင်းချနိုင်ပြီး ဈေးနှုန်းခိုင်မာသည့် အတွက် ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်းနှင့် ပဲယင်းကိုလည်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများတွင် အများဆုံးစိုက်ပျိုးကြပြီး၊ ပခုက္ကူ၊ မြစ်ခြေ၊ မတ္တရာမြို့နယ်များမှ ထွက်ရှိသည့် ပဲယင်းများကို ဈေးကွက်အတွင်း၌ ပိုမိုကြိုက်နှစ်သက်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)