မြန်မာ့ထုတ်ကုန်များကို E-Trade Platform မှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်မည့် Myanmar Pavilion ဖွင့်လှစ်

နေပြည်တော်   ဇန်နဝါရီ   ၂၇

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများ၏  ဈေးကွက်ရှာဖွေမြှင့်တင်မှုနှင့် ကုန်သွယ် ရောင်းဝယ်မှု ပုံစံ ပြောင်းလဲလာခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော အခွင့်အလမ်း များနှင့် တီထွင်ဆန်းသစ်မှုများဖြင့် မြန်မာ့ထုတ်ကုန်များအား E-Trade Platform မှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်သို့ မိတ်ဆက်မည့် Myanmar Pavilion ကို ဇန်နဝါရီ ၂၇ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (Myantrade) က အာရှဒေသ၏ ဒုတိယအကြီးဆုံး B2B E-commerce Platform တစ်ခုဖြစ်သည့် ECPlaza (www.ecplaza.net) တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

 

Myanmar Pavilion ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ၊ နေပြည်တော်နှင့် ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တို့အကြား Virtual Launching ဖြင့် ကျင်းပခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOTRA) မှ Director Mr. Kaung Jun Kyung ECPlaza Network Inc ဥက္ကဋ္ဌ Mr. Inkyu Park ကုန်သည်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစီအစဉ်အရ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ကိုရီးယားနိုင်ငံမှ တာဝန်ရှိသူများက အဆိုပါ Platform တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

 

Myanmar Pavilion ကို ကိုရီးယားနိုင်ငံမှ ECPlaza Network Inc နှင့် မြန်မာကုမ္ပဏီ Cyber King Co., Ltd တို့က နည်းပညာဆိုင်ရာများ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမှ ထုတ်ကုန် အမျိုးအစား ၁၀၀ ကျော် ပြသမည်ဖြစ်ပြီး မြန်မာကုန်သည် လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ E-Trade Platform ကိုအသုံးပြု၍ နိုင်ငံတကာ ဝယ်ယူသူများနှင့် တိုက်ရိုက်ဆက်သွယ် ရောင်းဝယ်နိုင်ခြင်းဖြင့် ပြည်ပပို့ကုန် တိုးမြှင့်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်