မန္တလေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး မြို့တွင်းနှင့် ဆင်ခြေဖုံးရပ်ကွက်များ အိမ်အငှားများပြား

အိမ်ခြံမြေအခွန်စံနှုန်းများ ပြောင်းလဲသတ်မှတ်ပေးခဲ့သော်လည်း မန္တလေးမြို့တွင်း ဧရိယာနှင့်မြို့သစ်များ အိမ်ခြံမြေရောင်းဝယ်မှုများ အေးနေပြီး ချမ်းအေးသာစံမြို့နယ်မြို့တွင်း ဧရိယာနှင့် ရတနာပုံဈေးအနီး တိုက်ခန်းများ လုံးချင်းအိမ်များ ဈေးဆိုင်ဖွင့်လှစ်ရန်၊ ကုမ္ပဏီအရောင်းပြခန်းများ ဖွင့်လှစ်ရန်ငှားရမ်းမှု များလာသည်။ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၂၆ လမ်းနှင့် ၃၅ လမ်းကြား၊ ၇၈ လမ်း ၂၆ လမ်းနှင့် ၃၈ လမ်းကြားတွင် ဖုန်းအရောင်းဆိုင်၊ အွန်လိုင်းစတိုး၊ ဆိုင်ကယ်အရောင်းပြခန်း၊ ယာဉ်အလှဆင်ပစ္စည်း အရောင်းဆိုင်ဖွင့်လိုသူများ ငှားရမ်းမှုများပြီး ပေ ၂၀ ၊ ပေ ၄၀ အကျယ် တိုက်ခန်း တစ်လငှာရမ်းခ ငွေကျပ် ၁၀ သိန်း ဝန်းကျင်ရှိပြီး လုံချင်းအိမ်များ တစ်လ ငွေကျပ် သိန်း ၂၀ ကျော်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

 

မန္တလေးဆင်ခြေဖုံး ရပ်ကွက်များဖြစ်သော ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ ထွန်တုံးရပ်ကွက်၊ သင်ပန်းကုန်းရပ်ကွက်များတွင်လည်း အခြားပြည်နယ်နှင့်တိုင်းများမှ မန္တလေးမြို့သို့လာရောက်၍ စီးပွားလာရှာကြသော မိသားစုများကလည်း လုံးချင်းအိမ်များ ငှားရမ်းမှုများလာရာ မနော်ဟရီလမ်းနှင့် မင်းကြီးရန်နောင်လမ်းကြား ၅၅ လမ်းရှိ လုံးချင်းအိမ်းငှားဈေးများ ငွေကျပ် ငါးသိန်း ဝန်းကျင်အထိ ဈေးမြှင့်သွားသည်။

 

ချမ်းမြသာစည်မြို့နယ်ရှိ တန်းဖိုးနည်းအိမ်ရာနှင့် တန်းဖိုးမျှတအိမ်ရာများတွင်လည်း အငှားဈေးကွက် မြင့်တက်လာရာ မြေညီထပ် တစ်လ ငွေကျပ် ၃ သိန်း ဝန်းကျင်ဈေးပေါက်လျက်ရှိပြီး စတုတ္ထထပ် ငွေကျပ် ၁ သိန်းဈေးရှိရာ မိသားစုနည်းသူများ ငှားရမ်းနေထိုင်ကြသည်။ မန္တလေးတက္ကသိုလ်အနီး မဟာနွယ်စဉ် ရပ်ကွက်၊ စြက်ာနွယ်စဉ် ရပ်ကွက်များတွင်လည်း ဘော်ဒါဆောင်ငှားရမ်းခများလည်း ဈေးမြင့်တက်လျက်ရှိပြီး ရေမီးအစုံ နှစ်ယောက်ခန်း တစ်လ ငွေကျပ် တစ်သိန်းနှစ်သောင်း၊ စုပေါင်းခန်းတစ်ယောက် ငွေကျပ် သုံးသောင်းဝန်ကျင် ရှိသည်။ နယ်မှလာရောက်၍ မန္တလေးမြို့ရှိကုမ္ပဏီ၊ စတိုးဆိုင်လုပ်သူများ ငှားရမ်းနေထိုင်ကြသည်။    

 

မောင်ပြည်သူ(မန္တလေး)