မန္တလေးစည်ပင်သာယာရေးကော်မတီတွင် အသုံးပြုသည့် ယာဉ်မျိုးစုံအတွက် ကွန်ပျူတာဖြင့် စက်သုံးဆီစီမံခန့်ခွဲသည့် စနစ်သုံးနိုင်ရေး ဆောင်ရွက်မည်

မန္တလေး ၈ ဇန်နဝါရီ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာနတွင်အသုံးပြုရန် ကွန်ပျူတာဖြင့် စက်သုံးဆီစီမံခန့်ခွဲသည့် စနစ်တပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့်မော်တော်ယာဉ်ဌာနတွင် အသုံးပြုသည့် ယာဉ်မျိုးစုံအတွက် စက်သုံးဆီ စီမံခန့်ခွဲမှုစနစ်တပ်ဆင်ရန် တင်ဒါခေါ်ယူနေသည်။

‘စက်သုံးဆီအရောင်းဆိုင်တွေမှာ သုံးတဲ့ ပန့်နှစ်ခုကို မနှစ်က ဝယ်ပြီးပြီ။ ကွန်ပျူတာ Software နဲ့ထိန်းချုပ်လို့ရအောင်ဆောင်ရွက်မှာပါ။ ဆီဘယ်လောက်အသုံးပြုတယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း တစ်ခါတည်းမှတ်သားနိုင်မှာပါ။ စားရင်းပြုစုရတာလည်း လွယ်ကူမြန်ဆန်သွားမှာပေါ့’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျက ပြောသည်။

မန္တလေးစည်ပင်သာယာတွင် အသုံးပြုသည့် မော်တော်ယာဉ်မျိုးစုံ ဆီအသုံးပြုမှုအတွက် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံဆီမှာ လက်မှတ်ထိုးပြီး ထုတ်ယူရသည်ဟု သိရသည်။ စက်သုံးဆီ စီမံခန့်ခွဲမှုစနစ် တင်ဒါခေါ်ယူပြီးပါက စက်သုံးဆီ စီမံခန့်ခွဲမှု လွယ်ကူခြင်း၊ အချိန်ကုန်သက်သာခြင်းများဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ စီမံခန့်ခွဲရေးစနစ်အတွက် ဇန်နဝါရီလ ၂ ရက်ကနေ ၁၅ ရက်အတွင်း တင်ဒါလျှောက်လွှာများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ ကွန်ပျုတာဌာနခွဲတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့်မော်တော်ယာဉ်ဌာနတွင် ယာဉ်မျိုးစုံ အစီးရေ ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။

အိမို့မို့ခိုင်

 

mdn