မန္တလေးကားဈေးကွက်တွင် စလစ်ကပ်ကားများနှင့် တန်းဖိုးမြင့်ကားများ အရောင်းအဝယ်အေး

mdn

မန္တလေး ၂ ဇူလိုင်     

       

မန္တလေးကားမျိုးစုံဈေးကွက်တွင် စလစ်ကပ်ကားများနှင့် တန်းဖိုးမြင့်ကားများ အရောင်းအဝယ် အေးစက်နေ သော်လည်း ဈေးနှုန်းအသင့်တင့်ရှိသော ကားအမျိုးအစားများမှာ အရောင်းသွက်လျက်ရှိကြောင်း မန္တလေး မဟာအောင်မြေမြို့နယ်ရှိ လမ်း ၆၀ ကားပွဲစားတန်းမှ သိရသည်။

 

“ကားသစ်တင်သွင်းမှုက မရှိသလောက်နည်းသွားတဲ့အတွက် စလစ်ဈေးကလည်း ကျလာတယ်။ အမြင့်ကားတွေကလည်း ဝယ်ယူနိုင်တဲ့သူ နည်းပါလို့ အရောင်းအဝယ်သိပ်မရှိဘူး။ အဓိက အရောင်းအဝယ်ဖြစ်နေတာကတော့ ဈေးနှုန်းသင့်တင့်တဲ့ ၁၃၀၀ စီစီကားလေးတွေပါပဲ”ဟု လမ်း ၆၀ ကားပွဲစားတန်းမှ ကားဝယ်ရောင်းလုပ်ကိုင်သူ ကိုနေမင်းက ပြောသည်။

 

လက်ရှိတွင် ကျပ်သိန်း ၁၅၀ အောက် MDY လိုင်စင်ကားဟောင်းများမှာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပြီးမန္တလေးတွင် လူကြိုက်များသော ကားမျိုးများဖြစ်သည့် ဟွန်ဒါဖစ်၊ ဟွန်ဒါအင်ဆိုက်၊ တိုယိုတာဗစ်၊ မာစတာဒီမီယို စသည့်ကားအမျိုးအစားများမှာ အဓိကအရောင်းသွက်လျက်ရှိကြောင်း သိရသည်။

 

“အခွန်ဥပဒေမှာ ဝင်ငွေခွန်ကို သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိ လျှော့ပေးမယ်လို့ ခန့်မှန်ထားခဲ့ကြပေမယ့် အထူးကုန်စည်ခွန်အတွက်သာ ဆယ်ရာခိုင်နှုန်းလျော့ချပေးခဲ့တယ်၊ ဝင်ငွေခွန်ကိုတော့ အရင်အတိုင်းကောက်ခံမယ်လို့ ထုတ်ပြန်လိုက်တော့ ကားဈေးကွက်အတွက် သက်ရောက်မှုအလွန်နည်းသွားတာပါ။” ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမောင်မောင်မျိုးမြင့်က ပြောသည်။

 

အဆိုပါ ထုတ်ပြန်ချက်ကြောင့် ၂၀၁၇ခုနှစ် နှစ်ကုန်ပိုင်းတွင် သက်တမ်းနှစ် ၂၀ အမည်ပေါက် စလစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၄၀ အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၁၁၀ ဝန်းကျင်ခန့်အထိ ကျဆင်းလာသည့်အပြင် စလစ်ရောင်းဝယ်မှုအနေဖြင့်လည်း မရှိသလောက်နည်းပါးနေသည့်အတွက် ယခုဈေးနှုန်းထက် ဆက်လက်ကျဆင်းနိုင် ဖွယ်ရှိကြောင်း သိရသည်။

 

လက်ရှိ စလစ်ဈေးနှုန်းများအနေဖြင့် သက်တမ်း နှစ်၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၁၀၊ တိုက်ကြေစလစ် ၁၀၃ သိန်း၊ စက်မှုဇုန် လူစီးစလစ် ၁၀၅သိန်းနှင့် တက္ကစီစလစ် ကျပ် ၁၀၅ သိန်းဝန်းကျင်ဈေးနှုန်းရှိကာ ဈေးနှုန်းအတက်အကျ ပြောင်းလဲနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)