မန္တလေးလမ်းလျှောက်သင်္ကြန် ဧရိယာတွင် ချထားမည့် ရေကစားမဏ္ဍပ်ငယ် ဈေးနှုန်း ထက်ဝက်ခန့်လျော့ချမည်

မန္တလေး ၁၈ ဇန်နဝါရီ


ယခုနှစ်တွင် မန္တလေးလမ်းလျှောက်သင်္ကြန် ဧရိယာတွင်ချထားမည့် ရေကစား မဏ္ဍပ်ငယ် ဈေးနှုန်းများ ထက်ဝက်ခန့်လျော့ချသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

123


မန္တလေးကျုံးတောင်ဘက် လမ်းလျှောက်သင်္ကြန်တွင် ချထားမည့် ရေပတ် မဏ္ဍပ်ငယ်များအတွက် ယခင်နှစ်က အကျယ်အဝန်း ၁၀ ပေကို ငွေကျပ် ၁၀ သိန်း၊ ပေး ၂၀ ကို ငွေကျပ်သိန်း ၂၀ ၊ ပေ ၃၀ ကို ငွေ ကျပ်သိန်း ၃၀ အထိ သတ်မှတ်ခဲ့ပြီး ယခုနှစ်မှာ ထက်ဝက်ခန့်လျော့ချ သတ်မှတ်သွားမည်ဖြစ်သည်။


‘လမ်းလျှောက်သင်္ကြန်မှာ ရေကစားချင်တဲ့ရေပတ်မဏ္ဍပ်တွေကိုလည်း နေရာချထားပေး ဖို့အတွက် အစီစဉ်စပြီး ဆွဲနေပါပြီ။ မနှစ်ကလမ်းလျှောက်သင်္ကြန်မှာ သွင်းရတဲ့ငွေထက် တဝက်နှုန်းလောက် ပဲသတ်မှတ်ဖို့စီစဉ်ထားပါတယ်’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။


ယခုနှစ်တွင် အကျယ်အဝန်းပေါ်မူတည်ပြီး ငွေကျပ် ၅ သိန်း ၊ ၁၀ သိန်း ၊ ၁၅ သိန်း စသဖြင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် လမ်းလျှောက်သင်္ကြန်တွင် ရေကစား မဏ္ဍပ် ၅၄ နေရာချထားပေးခဲ့ပြီး စတုဒီသာမဏ္ဍပ်ကျွေးသည့် မဏ္ဍပ်များလည်း ရှိခဲ့သည်။ မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး စိတ်ဝင်စားမှုများကာ အောင်မြင်ခဲ့သည်ဟုဆိုရမည်။


အိမို့မို့ခိုင်