မန္တလေးမြို့မှ လက်ရာမြောက် ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ် 

မန္တလေး ၂၉  နိုဝင်ဘာ    
                                       
မြန်မာ့ကြေးထည် ပစ္စည်းများအနက် လက်ရာမြောက်ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်ကို မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် လေ့လာနိုင်သည်။ ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်မှာ  မြန်မာ့ကြေးထည် ပစ္စည်းများထဲမှ လက်ရာမြောက် သမိုင်းဝင်ကြေးထည်ပစ္စည်းများဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ စိတ်ဝင်စားသည့် လက်ရာမြောက် အရုပ်များပင်ဖြစ်သည်။ ကြေးစည်တော်နှင့် နတ်ရုပ်ကြီးများကို လေ့လာရင်း မြန်မာ့ကြေးသွန်း လုပ်ငန်းသမိုင်းကိုပါ လေ့လာနိုင်သည်။

မြန်မာ့နိုင်ငံတွင် ကျောက်ခေတ်ကိုလွန်မြောက်ပြီးနောက် ကြေးခေတ်သို့ ရောက်ရှိလာသည့် သမိုင်း အထောက်အထား ကြေးလက်နက်ကိရိယာများ နေရာအနှံ့အပြားတွင် တွေ့ရှိထားပြီး မြန်မာ့ကြေးခေတ်မှာ လွန်ခဲ့သောနှစ် ၆၀၀၀ ခန့်က စတင်ရောက်ရှိနေပြီဖြစ်ကြောင်း ပညာရှင်များက ယေဘုယျသတ်မှတ်ထားသည်။ 

မဟာမုနိဘုရားကြီးမှ ကြေးစည်တော်ကြီးကို ၁၃၂၇ ခုနှစ် ပြာသိုလဆန်း ၉ ရက်၊ ၁၉၆၅ ခုဒီဇင်ဘာ ၃၁ ရက်က ဂေါပက အဖွဲ့အစည်းအဝေးအမှတ် (၁၀) တွင် ဆုံးဖြတ်ချက်ချခဲ့ပြီး အကောင်အထည် ဖော်ခဲ့သည်။ ကြေးစည်တော်မှာ အများကောင်းမှုဖြစ်ပြီး လုပ်အားဒါနပြုသူ ကြေးသွန်းဖိုများ၊ သံထုပ်လှူဒါန်းသူများဖြင့် စုပေါင်းပြုလုပ်သည့် ကောင်းမှုဖြစ်သည်။ 

၁၃၂၉ ခုနှစ် ကဆုန်လပြည့်တွင် ကြေးစည်တော်ဖယောင်းပုံ ကြေးရည် သွန်းလောင်းခဲ့သည်။ ထိုသွန်းလောင်းမှုတွင် မန္တလေးမြို့ အရည်ကျိုစက်ဖို ၁၆ ဖိုမှ လုပ်အားလှူဒါန်းသူ ၁၆၄ ဦး၊ မုံရွာမြို့ အရည်ကျိုစက်ဖို နှစ်ဖိုမှ လုပ်အားလှူဒါန်းသူ ၁၆ ဦးတို့ စုပေါင်းသွန်းလောင်းခဲ့သည်။ ကြေးစည်တော်ကြီး၏ ကြေးပိဿာမှာ ၃၂၆၄ ပိဿာရှိသည့်အတွက် ညိမ်းချမ်းသာယာ ဟုအမည်ပေး မှတ်တမ်းပြုခဲ့သည်။ 

လက်ရာမြောက် နတ်ရုပ်ကြီးများအနက် အနောက်ဘက်နတ်ရုပ်မှာ အမြင့် ၁၅ ပေ ၅ လက်မရှိပြီး ကြေးပိဿာချိန် ၁၂၃၄ ပိဿာရှိသည်။ အောင်ကျော်ဇေယျာဟု အမည်ပေးခဲ့သည်။ အရှေ့ဘက် နတ်ရုပ်ကြီးမှာအမြင့်ပေ ၁၅ ပေ ၈ လက်မရှိပြီး ကြေးပိဿာချိန် ၁၂၇၄ ပိဿာရှိသည်။ အောင်ကျော်ဒေဝါဟု အမည်ပေးခဲ့သည်။ 

တိမ်တမန်