မန္တလေးမြို့မှ ပန်းချီဆရာဆရာမ ၁၀ ဦး စုပေါင်းပြသသည့် နှစ်သစ်ပန်းချီပြပွဲ ပြသ

မန္တလေး ၂ ဇန်နဝါရီ

မန္တလေးမြို့မှ ပန်းချီဆရာဆရာမ ၁၀ ဦး စုပေါင်းပြသသည့် New Year New Men Group Show အမည်ရှိ ပန်းချီပြပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင် ခြင်္သေကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင် ပန်းချီပြခန်းတွင် ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် အထက်မြန်မာပြည် ရေဆေးပန်းချီဆရာအသင်း နာယက ဦးဇော်ဝင်း (သစ်ထွင်း) ဥက္ကဋ္ဌ ဦးမာလာနှင့် ပန်းချီဆရာကြီး ဦးအောင်သန်းတို့ တက်ရောက် အားပေးပြီး ဖွင့်လှစ်ပေးကာ မုဒိတာစကားများ ပြောကြားခဲ့ကြသည်။

 နှစ်သစ် ပန်းချီပြပွဲတွင် ပန်းချီနှင့် ဓာတ်ပုံပညာရှင် ညောင်ဦးသန်းဌေး၊ ပန်းချီဆရာမိုးဦး၊ ကျော်စိုး၊ စန္ဒာဝင်း၊ အေးသီတာလှိုင်၊ စိုးငြိမ်း၊ ခင်အောင်ဝင့်၊ ဇော်ထွန်းလင်း၊ မော်စီ၊ ဆွေနိုင်စစ်တို့၏ လက်ရာမွန် ရေဆေး၊ ဆီဆေး၊ အက်ခရိုင်လစ် ပန်းချီကား ၁၀၀ ကျော် ပြသထားသည်။

ပန်းချီပြပွဲကို ဇန်နဝါရီ ၁ ရက်မှ ၅ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ခင်းကျင်းပြသထားရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပန်းချီပညာ အထူးပြုကျောင်းသား/ ကျောင်းသူများ၊ ပန်းချီပန်းပုကျောင်း (မန္တလေး) မှ ကျောင်းသား/ ကျောင်းသူများ၊ ပန်းချီအနုပညာ ချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှု ကြကြောင်းသိရသည်။

မောင်ပြည်သူ(မန္တလေး)