မန္တလေးမြို့ရှိ ကုန်စည်ဒိုင် ယာယီပြန်ပိတ်

မန္တလေး ၂၀ စက်တင်ဘာ

ကိုဗစ်-၁၉ ကူးစက်မှုများပြားလာတာကြောင့် မန္တလေးကုန်စည်ဒိုင် [ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်-မန္တလေး)]ကို စက်တင်ဘာ ၂၁ ရက်စတင်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင် အလုပ်အမှုဆောင်အဖွဲ့ထံက သိရသည်။

ပဲ၊ နှမ်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်လိုလျှင် အသင်းက ဖွင့်လှစ်ထားသည့် Viber Group တွင် ဝင်ရောက်၍ အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ပြီး အသင်းတိုက် ရှေ့မျက်နှာစာတွင် အရောင်းအဝယ် မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

“အခုရက်ပိုင်း လူဝင်တာလည်း နည်းတယ်၊ အချို့ကလည်း ကျန်းမာရေးအရ မလာကြာတာပါတယ်၊ ဒီအထဲမှာ ဆက်စပ်ကူးသွားမှာ စိုးတာ၊ အဓိကကတော့ ကျန်းမာရေးကြောင့် ပိတ်လိုက်တာ။ သေချာတာက ၁ ရက် ၁၀ လအထိ ပိတ်မယ်။ အဲဒီနေ့မှ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး ထုတ်ပြန်ချက် ဆက်လက်ထုတ်ပြန်သွားမယ်” ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်-မန္တလေး) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဆွေ က ပြောသည်။

မန္တလေးကုန်စည်ဒိုင်ကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၁ ရက်ထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ပေးမည့်ရက်ကို အောက်တိုဘာ ၁ ရက်တွင် ဆက်လက် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးကုန်စည်ဒိုင်သို့ လာရောက်၍ အရောင်းအဝယ်ပြုလုပ်သူ နည်းပါးခဲ့ပြီး တစ်ရက်လျှင် လူ ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ကာ ယခင် ကိုဗစ်-၁၉ အပြီးကာလများတွင် လူ ၆၀၀ ခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်-မန္တလေး)တွင် အသင်းဝင် ၁၈၀၀ ခန့်ရှိပြီး အသင်းတိုက်သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားတွင် တည်ရှိသည်။

ဖြိုးအိ