မန္တလေးမြို့တွင်  အောင်မြေသာစံမြို့နယ်တွင်   ရတနာမဉ္ဇူမြတ်စွာဘုရား  ဒေသစာရီကြွချီလှည့်လည် အပူဇော်ခံ

မန္တလေး   ၂၄    ဇန်နဝါရီ

 

ရတနာမဉ္ဇူမြတ်စွာဘုရား ဒေသစာရီကြွချီလှည့်လည်အပူဇော်ခံခြင်းကို ယနေ့ နံနက်ပိုင်း က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကျင်းပပြုလုပ်ပြီး ရှေးခေတ်အစဉ်အလာများအတိုင်း စစ်သူကြီးလေးပါး၊ အာရုဏ်တော် ဆွမ်းအုပ်အသင်း၊ ဗုံတောင်အဖွဲ့၊ ဆိုင်းဘုတ်အဖွဲ့၊ တံခွန်ကုက္ကားကိုင်ဝေါထမ်းအဖွဲ့၊ ပုဂံဝင်း၊ ရတနာပုံဝင်း၊ ကလေးပုဂံဝင်း၊ စည်တော်ကြီး၊အိုးစည်ဝိုင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

4

 

အဆိုပါ လှည့်လည်အပူဇော်ခြင်းကို ယခုနှစ် မြသပိတ်တော်ရ မြအရာတော်ရပ်ကွက်မှ ဦးဆောင်၍ ကျင်းပ ခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ (၁၉)လမ်းအနောက်ထိပ် ရှိ ရတနာမဉ္ဇူမြတ်စွာဘုရား ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း(၁၃/၁၄/၁၅)များတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြီး မင်းတဲအီကင်းရပ်ရှိ ရပ်ကွက်(၁၆)ရပ်ကွက် မှ တစ်နှစ်တစ်ခါ  မြသပိတ်တော်မဲနှိုက်ခြင်းကို သီတင်းကျွတ်လဆန်း(၁၅)ရက် လပြည့်နေ့တွင် ပြုလုပ်ကြကြောင်း၊ ရှေးယခင်ကတည်းက မြသပိတ်တော်မဲပေါက်တဲ့ ရပ်ကွက်မှ ရတနာမဉ္ဇူမြတ်စွာဘုရားအား ပင့်ဆောင်ကာ အပူဇော်ခံခွင့်ရရှိကြောင်း၊ မဲပေါက်သော ရပ်ကွက်သူ/ရပ်ကွက်သားများ၏ သဘောဆန္ဒအတိုင်း ပင့်ဆောင်အပူဇော်ခံ ကျင်းပလိုသော နေ့ရက်များတွင် တစ်ည(သို့)နှစ်ည ပင့်ဆောင်ကာ အပူဇော်ခံပွဲ ကျင်းပခွင့် ပေးရကြောင်း၊ ယခုနှစ်တွင် မြအရာတော်ရပ်ကွက်မှ မဲပေါက်ခဲ့ပြီး ယနေ့တွင် အပူဇော်ခံလှည့်လည်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ရတနာမဉ္ဇူမြတ်စွာ ဘုရား ဂေါပကအဖွဲ့ ဉက္ကဌ ဦးကိုကိုလေး ပြောပြသည်။

 

ရတနာမဉ္ဇူမြတ်စွာဘုရားအား မြသပိတ်တော်မဲပေါက်သည့် မြအရာတော်ရပ်ကွက်မှ ပင့်ဆောင်ပြီး အခြား ရပ်ကွက်(၉)ရပ်ကွက်လောက် ပူပေါင်းကာ ကျင်းပခြင်းဖြစ်ကြောင်း၊ ရပ်ဝေး/ရပ်နီးမှ ဧည့်သည်များအား ကျွေးမွေး ဧည့်ခံခြင်း ၊ ညပိုင်းတွင် ခြင်းပွဲ/ဇာတ်ပွဲများဖြင့် ဖျော်ဖြေခြင်းပြုလုပ်ပြီး တပို့တွဲလဆန်း(၁) ရက်နေ့တွင် သံဃာတော် (၁၀၁)ပါး တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ တပို့တွဲလဆန်း(၂)ရက်နေ့တွင် ဘုရားအား ပို့ဆောင်ကာ ဂန္ဓကုဋီတိုက်အတွင်း ပြန်လည်ပင့်ဆောင် အပူဇော်ခံ သွားမည်ဖြစ်ကြောင်း ရတနာမဉ္ဇူမြတ်စွာဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေး က ပြောပြသည်။

 

5

 

ရတနာမဉ္ဇူမြတ်စွာဘုရားအား အင်းဝခေတ်(၁၁)ဆက်မြောက်မင်း၊ မဟာသီဟသူရဘွဲ့ခံ ပြည့်စုံမင်းတရားကြီးနှင့် အမိတ္တသိရီမဟာဓမ္မဒေဝီဘွဲ့ခံ ကြင်ယာတော်မိဖုရားကြီးတို့က သက္ကရာဇ် (၈၄၀)ပြည့်နှစ်တွင် တည်ထားကိုးကွယ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကုန်သည်တော်ရပ်၊ ဆင်ရွာ အရှေ့ရပ်၊ ဆင်ရွာအနောက်ရပ်၊ ဈေးကုန်းရပ်၊ပေါက္ကရိုရပ်၊ မလဲသာရပ်၊ မြရေနံရပ်၊ မြအရာတော်ရပ်၊ မင်္ဂလာရဲညွန့်ရပ်၊ မင်းတဲစက်မြေရပ်၊ ရွှေပြည်ရပ်၊ ရွှေဒေါင်းရပ်၊ အီကင်းအနောက်ရပ်၊ အီကင်းအရှေ့ရပ်၊ အီကင်းအလယ်ရပ်နှင့် ဉယျာဉ် အရှေ့ရပ်  အစရှိသော ရပ်ကွက်(၁၆)ရပ်ကွက်တို့အား  နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် မြသပိတ်တော် မဲဖောက်ကာ မြသပိတ်တော်မဲပေါက်သော ရပ်ကွက်မှ ပင့်ဆောင်အပူဇော်ခံခွင့်ရရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)