မန္တလေးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မန္တလေး ၂၁ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ (၃၀) နှစ်မြောက်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်းရှိ မနော်ရမ္မံပြည်သူရင်ပြင်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီ းဦးမျိုးသစ် တက်ရောက်အားပေးပြီး အမှာစကားပြောကြားသည်။

ထို့နောက် UNICEF (Myanmar) မန္တလေး ရုံးခွဲနှင့် World Vision တာဝန်ခံတို့မှ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကမ္ဘာ့ကလေးများနေ့အကြောင်း ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတကျောင်းများမှ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးနှင့် ဧည်သည်များသည် အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များ၊ ဝေါဗွီရှင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့များမှ ပြသထားသော ကလေးသူငယ်ဆိုင်ရာ ပြခန်းများနှင့် ပျော်ရွင်ဖွယ် ဂိမ်းကစားနေမှုများအား ကြည့်ရှု့အားပေးကြသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကလေးသူငယ် အခွင့်အရေးမြှင့်တင်ရေးနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများအား တားဆီးကာကွယ်ရေးတို့ကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)