မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူ၍ရောက်ရှိလာသော ရှာဖွေကယ်ဆယ်ရေးမီးသတ်ယာဉ်နှင့် မီးငြှိမ်းသတ်ယာဉ်များ ကြံ့ခိုင်မှုစစ်ဆေး

မန္တလေး ၂၁ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခေတ်မီရှာဖွေကယ်ဆယ်ရေးကိရိယာများ၊ ရှာဖွေကယ် ဆယ်ရေးမီးသတ်ယာဉ်များ၊ မီးငြှိမ်းသတ်ယာဉ်များအား ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူရောက်ရှိလာသော SINO TRUK အမျိုးအစား ရှာဖွေကယ်ဆယ်ရေးယာဉ် ၃ စီးနှင့် DAYUN အမျိုးအစားမီးငြှိမ်း သတ်ယာဉ်တို့ကို နိုဝင်ဘာလဆန်းက ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းရှိ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနသို့ ရောက်ရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းသည် နိုဝင်ဘာ ၂၀ ရက်၊ မွန်းလွဲ (၁) နာရီက မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ရောက်ရှိပြီး အသစ်ရောက်ရှိလာသော ရှာဖွေကယ်ဆယ်ရေးမီးသတ်ယာဉ်နှင့် ခေတ်မီးမီးသတ်ယာဉ်တို့ ယာဉ်ကြံ့ခိုင်မှုများ ကြည့်ရှု့စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွန်ကြားရေးမှူးဦးသန်းဇော်ဦးနှင့် ခရိုင်မီးသတ်ဦးစီးမှူးများက ယာဉ်များ၏စက်စွမ်းရည်နှင့် ကြံ့ခိုင်မှုများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးက ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ အသစ်ရောက်ရှိလာသည့် ရှာဖွေကယ်ဆယ်ရေးယာဉ်များအား ညောင်ဦးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မြင်းခြံခရိုင်မီးသတ်ဦးစီးဌာနသို့ လွဲပြောင်းပေးအပ်ပြီး မီးငြှိမ်းသတ်ယာဉ်အား ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် ဒေသအရန်မီးသတ်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်သည်။                                                    

မောင်ပြည်သူ(မန္တလေး)