မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တွင် ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော် ၂၉  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ  ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် ည ၉ နာရီခွဲခန့်တွင် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးလမ်း၊        အိုရီယမ် တယ်တိုး ဂိတ်အနီးတွင် ကျောက်မဲမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကံဌေးမောင်းနှင်ပြီး သိန်းဇော်လိုက်ပါလာသည့် မော်တော်ယာဉ်ဖြင့် ဘိန်းဖြူများ သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် အဆိုပါ မော်တော်ယာဉ်ကို စောင့်ကြည့်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ၎င်းမော်တော် ယာဉ်ရပ်တန့်ထားပြီး မူးယစ်ဆေးဝါးများ လာရောက်လွှဲပြောင်းလက်ခံယူသည့် ခန့်ဇော်နှင့် ခွန်ဇော်ထက်တို့ ၂ ဦး ရောက်ရှိ၍ မူးယစ်ဆေးဝါးများအား လွှဲပြောင်းလက်ခံပြုလုပ်နေစဉ် ၎င်းတို့အား ထိန်းသိမ်းကာ မော်တော်ယာဉ် အားရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်း ခေါက်ဆွဲခြောက်ထုပ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသော ဘိန်းဖြူ ၈၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းမူးယစ်ဆေးဝါးများကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့သို့ ပို့ဆောင်မည်ဟု ဖော်ထုတ်သိရှိရသဖြင့် ယင်းနေ့ ညနေ ၆ နာရီတွင် မိုးညှင်းမြို့၊ အောင်သပြေ (၁)ရပ်ကွက်၊ အမှတ်(၇/ခ)နေ မူးယစ်ဆေးဝါးလက်ခံမည့်သူ မအိအိခိုင်(ခ)ဘုတ်ဘုတ်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းစိမ်း ၁၇ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၂၉ ရက် နံနက် ၄ နာရီခွဲခန့်တွင် မိုးညှင်းမြို့၊ အောင်သပြေ (၃) ရပ်ကွက်၊ အမှတ်(၇၅)နေ မဝင်းမော် (ခ)မမော် (ခ)မှိုင်းပြာအား ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ကံဌေး(၂၂)နှစ်၊ သိန်းဇော်(ခ) အောင်အောင်(၃၁)နှစ်၊ ခန့်ဇော်(၂၄)နှစ်၊ ခွန်ဇော်ထက် (၂၈)နှစ်၊ မအိအိခိုင်(ခ)ဘုတ်ဘုတ် (၃၈)နှစ်၊ မဝင်းမော် (ခ)မမော် (ခ) မှိုင်းပြာ (၅၀)နှစ်တို့အား ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ဖမ်းဆီးရမိ ဘိန်းဖြူများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှ ကချင်ပြည်နယ်၊ မိုးညှင်းမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်