မန္တလေးတိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် သမဝါယမလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရန် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးမြို့၊ သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်းသို့ ရောက်ရှိရာ ဒုတိယဝန်ကြီးက ယခုဖွင့်လှစ်မည့် သင်တန်းကျောင်းသည် အဋ္ဌမတန်းအောင်မြင်ပြီးသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါကြောင်း၊ သင်ကြားမှုအပိုင်းတွင် အစဉ်အလာကောင်းသည့် ဂုဏ်ပုဒ်များရှိသည်နှင့်အညီ ဆက်လက်ထိန်းသိမ်း သွားကြရမည်ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ နည်းပညာနှင့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆောင်ရွက်ပေးနေပြီး  သမဝါယမစနစ်ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် သမဝါယမပုံရိပ် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ပို့ချပေးနေသော ဘာသာရပ်များသည် လက်တွေ့အသုံးချနိုင်ပြီး အမှန်တကယ် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သဖြင့် ပညာဆက်လက်သင်ယူရန် အခက်အခဲဖြစ်နေသော လူငယ်များအတွက် အခွင့်အရေးကောင်းဖြစ်သည်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းပြောကြားပြီး ဒုတိယဝန်ကြီးက ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအတွက် သက်သာစရိတ် ထောက်ပံ့ငွေများ ပေးအပ်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာသို့ရောက်ရှိပြီး  ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့် မြို့ပြုဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ မိသားစု ဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးစသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်နိုင်ရေးတို့ကို ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေတွင် ကျေးရွာ(၃)ရွာရွေးချယ်၍ စတင်ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ကျေးရွာ(၉)ရွာ ဆောင်ရွက်နေပါကြောင်း၊ ယခု မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာ (၃)ရွာ  ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာတွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံပြည်သူများ၊ သင်တန်းသားများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာသို့ ရောက်ရှိ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

သတင်းစဉ်