မန္တလေးတိုင်းဒေသကြီးမှ COVID-19 Fund ချေးငွေလျှောက်ထားသူ လုပ်ငန်းရှင်နှင့် ကုမ္ပဏီပေါင်း ၃၈၅ ခုချေးငွေရရှိ

မန္တလေး  ၁၀  ဇူလိုင်

 

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား နိုင်ငံတော်မှ COVID-19 Fund အဖြစ် ချေးငွေကျပ် ၁၀ဝ ဘီလီယံအား (၇)ကြိမ်ခွဲ၍ ခွင့်ပြုခဲ့ရာ မြန်မာတစ်နိုင်ငံလုံးတွင် ချေးငွေ လျှောက်ထားသူ ၄၂၅၉ ဦးရှိပြီး မန္တလေးတိုင်းဒေသကြီးမှ ချေးငွေလျောက်ထားသူများအနက် လုပ်ငန်းရှင်နှင့် ကုမ္ပဏီပေါင်း ၃၈၅ ခုမှ ချေးငွေရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)မှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ချေးငွေလျှောက်ထားမှုအနေဖြင့် MRCCI မှ တစ်ဆင့် လျှောက်ထားသူနှင့်  UMFCCI သို့ တိုက်ရိုက်လျှောက်ထားသူဆိုပြီး နှစ်မျိုးရှိပါတယ်၊ ယခု သတ္တမ အကြိမ်အထိ MRCCI မှ တစ်ဆင့် ချေးငွေ လျှောက်ထားသူ ၄၁၇ ဦးမှာ ၃၅၇ ဦးနှင့် UMFCCI သို့ တိုက်ရိုက် လျှောက်ထားသူ ၂၈ ဦး စုစုပေါင်း ၃၈၅ ဦး ရရှိခဲ့ပါတယ်၊ ယခုသတ္တမအကြိမ်အတွက် ချေးငွေခွင့်ပြုတာ MRCCI မှတစ်ဆင့်  လျှောက်ထားသူ  ၂၇ ဦးနှင့် UMFCCI သို့ တိုက်ရိုက် လျှောက်ထားသူ ၆ ဦး စုစုပေါင်း ၃၃ ဦးပါ၊ အဆိုပါချေးငွေခွင့်ပြုကြောင်း ဘဏ်သို့ဆက်သွယ်ရမည့် အကြောင်းကြားစာများကို ချိတ်ပိတ်ရရှိခဲ့ကြောင်း၊ ဒီချိတ်ပိတ်ထားတဲ့ အကြောင်းကြားစာတွေကို ချေးငွေရရှိတဲ့ လုပ်ငန်းရှင်များ MRCCI အသင်းရုံးမှာ လာရောက်ထုတ်ယူလျက်ရှိကြောင်း MRCCI မှ အလုပ်အမှုဆောင် ဦးကျော်စိုးနိုင်က ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းမှ လျှောက်ထားသူများတွင် မန္တလေး၊ ပုဂံညောင်ဦး၊ ပြင်ဦးလွင် စသည့် ဒေသများမှ ဟိုတယ်များ၊ ကွန်ပျူတာ စက်ပန်းထိုး၊ ဆန်စက်များ၊ ယိုလုပ်ငန်းများပါဝင်ပြီး လုပ်ငန်း အမျိုးအစားအလိုက် ချေးငွေရရှိမှု ပမာဏကွဲပြား၍ နိုင်ငံတော်ဘဏ်မှတစ်ဆင့် ထုတ်ယူရမည် ဖြစ်ကြောင်း၊ ချေးငွေပြန်ဆပ်ရန်ကာလမှာ တစ်နှစ်နှင့် ချေးငွေအတိုးနှုန်းထားမှာ ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

 

COVID-19 Fund ချေးငွေအဖြစ် နိုင်ငံတော်မှ ငွေကျပ် ဘီလီယံ ၁၀ဝ ကို CMP လုပ်ငန်းများတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်လုပ်ငန်းများ၊ အထွေထွေ ကုန်ပစ္စည်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား ဧပြီလမှစတင်၍ ချေးငွေ(၇)ကြိမ်ခွဲ၍ ချထားပေးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှောက်ထားသည့် လုပ်ငန်းရှင်နှင့် ကုမ္ပဏီပေါင်း ၄၂၅၉ ခုရှိကာ ချေးငွေချထားပေးမှုအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်းရှင်နှင့် ကုမ္ပဏီပေါင်း ၃၃၉၃ ခုရရှိခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)