မန္တလေးတိုင်းဒေသကြီးရှိ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်မှုများ လုပ်ဆောင်ရမည်

ရန်ကုန် ၂၅ မေ 

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ် မိုတယ်နှင့် တည်းခိုခန်းများအား ဧပြီ ပထမပတ်မှစတင်၍ ယာယီပိတ်ထားရာ ယခုအခါ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

 

ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ညှိနှိုင်းပြီး ဟိုတယ်များမှ လိုက်နာရမည့် စည်းကမ်းချက်  ၅၇ ချက်နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်သည်။ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဟိုတယ်များကိုသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ( မန္တလေးဇုန် ) ဥက္ကဋ္ဌ  ဦးမင်းနိုင် ထံမှသိရသည် ။

 

ပြန်လည်ဖွင့်လှစ်လိုသည့် ဟိုတယ်လုပ်ငန်းရှင်များမှ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်မှုများ ပြုလုပ်ပြီး စစ်ဆေးခံနိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ လျှောက်ထား နိုင်သည်။ စစ်ဆေးမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ပေးထားသည့် အဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်သည် ။

 

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ( မန္တလေးဇုန် ) ဥက္ကဋ္ဌ ဦးမင်းနိုင် က ဌာနဆိုင်ရာမှ ဖွဲ့စည်းထားသည့်အဖွဲ့နှင့် ရက်ပိုင်းအတွင်း အမြန်စစ်ဆေးပြီး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဖွင့်တဲ့အချိန်မှာ စည်းကမ်းချက် ၅၇ ချက်ကို အဓိကထားမည်ဖြစ်ကြောင်း၊ စဖွင့်ချိန်မှာ စည်းကမ်းချက်နှင့်မညီရင် ပြန်ပြင်ခိုင်းမည်ဖြစ်ကြောင်း၊ A ဆိုရင်စစ်ဆေးပြီးတာနဲ့ တန်းဖွင့်နိုင်ကြောင်း၊ B ဆိုရင်ပြင်ရမယ့် အချက်တွေပြင်ရမည်ဖြစ်ပြီး တစ်ပတ် နှစ်ပတ်အတွင်း ပြင်ဆင်ပြီးရင် ပြန်စစ်ဆေးမည်ဖြစ်ကြောင်း၊  C ဆိုရင် လုံးဝဖွင့်ခွင့်မပေးနိုင်ကြောင်း ပြောကြားသည်။

 

တိုင်းဒေသကြီး အစိုးရမှ ပြန်လည်ဖွင့်လှစ်ခွင့်ပေးသည့် အချိန်တွင် အဆင်သင့် အစစ်ဆေးခံနိုင်ရန် ဟိုတယ်အချို့တွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဟိုတယ်လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အရ ဟိုတယ်သို့ ရောက်ရှိလာသည့် ဧည့်သည်၏ ကားအား ပိုးသတ်ဆေးဖြန်းခြင်း၊ ဧည်သည့်၏ ခရီးဆောင်အိတ်ကို ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဧည့်သည်များ ဟိုတယ်အတွင်း ဝင်ရောက်ရာတွင် လက်ဆေးနိုင်ရန် အသင့်စီစဉ်ထားပြီး ကိုယ်အပူချိန်တိုင်း စစ်ဆေးပြီးမှသာ Check in ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။ ထို့ပြင်ဟိုတယ်ရှိ ဝန်ထမ်းများ ကိုဗစ် - ၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတ ရရှိစေရန် ကြိုတင်လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း သိရပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည်ဖွင့်လှစ်ရန် လျှောက်ထားသည့် ဟိုတယ် ၅၀ ကျော် ရှိကြောင်း သိရသည်။

 

အောင်သူရ