မန်ယူအသင်းက ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန့်ကိုဒီဂျောင်ကို ပြောင်းရွှေ့ကြေးပေါင် ၅၆ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိ

မန်ယူအသင်းဟာ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းမှ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်း(ယူရို ၆၅ သန်း)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ ပြီဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ဟာ ၂၀၁၉ ခုနှစ်အတွင်းက နယ်သာလန်ကလပ် အေဂျက် အသင်းကနေ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်ဟာ မန်ယူအသင်းနည်းပြသစ် အဲရစ်တန်ဟက်က နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နည်းပြသစ် အဲရစ်တန်ဟက်ဟာ ဇွန် ၂၇ ရက်မှာ မန်ယူအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ လက်ရှိအချိန်အထိ အခုအပြောင်းအရွှေ့ကာလအတွင်းမှာ ဘယ်ကစားသမားကိုမှ ခေါ်ယူနိုင်ခဲ့ခြင်းမရှိသေးဘဲ ဖရန့်ကီဒီဂျောင်အပြင် ဘရန်းဖို့ဒ်အသင်းမှ အသက် ၃၀ အရွယ်ရှိ ဒိန်းမတ် ကွင်းလယ်ကစားသမား အဲရစ်ဆင်ကိုလည်း ခေါ်ယူဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ရာသီအကြိုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ ဇူလိုင် ၈ ရက်မှာ ထိုင်းနိုင်ငံနဲ့ ဩစတြေးလျ နိုင်ငံတွေဆီ သွားရောက်ရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

ငွေကြယ်