၇ ဇန်နဝါရီ
မန်ယူ ၀ - ၂ မန်စီးတီး
ကာရာဘောင်ဖလား အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန်ယူနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစား ခဲ့ရာမှာ မန်စီးတီးက မန်ယူအသင်းကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ ဗိုလ်လုပွဲမှာ စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံ လျက်ရှိပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ကြိုးစားရမှာပါ။
ဒီပွဲမှာ မန်ယူအသင်းကတော့ ရိုးရှင်းတဲ့ ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုများပြားနေတဲ့ လူမစုံတဲ့ မန်စီးတီးကတော့ ၃-၄-၁-၂ ကစားကွက်နဲ့ ခင်ကျင်းကာ ဒီဘရိုင်းနားနဲ့ မာရက်ဇ်တို့ကို False Nine ပုံစံနဲ့ အသုံးပြုသွားခဲ့ပါတယ်။ တောင်ပံတိုက်စစ်မှူး စတာလင်းကိုတော့ ကွင်းလယ်အထိုင်နေရာမှာ ခင်းကျင်းပြီး ဂန်ဒိုဂန်၊ ဖီးလ်ဖိုဒန်တို့ရဲ့ တိုးအားနဲ့ မန်ယူခံစစ်ကို ထိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒိုင်က ခွင့်မပြုခဲ့ဘူး။ ဒုတိယပိုင်းစပြီးလို့ သိပ်မကြာခင်မှာပဲ ဖီးလ်ဖိုဒန်ရဲ့ အလွတ်တည်ကန်ဘောကတစ်ဆင့် နောက်ခံလူ ဂျွန်စတုန်း က သွင်းယူနိုင်ခဲ့လို့ မန်စီးတီး အဖွင့်ဂိုးစရပါတယ်။ ဒုတိယဂိုးကိုတော့ ကွင်းလယ်လူ ဖာနန်ဒင်ညိုက ကိုက် ၂၀ အကွာကနေ ဗော်လီရိုက်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ မန်ယူထက် ပွဲအစအဆုံး အစစအရာရာ သာလွန်အောင် ကစားပြနိုင်ခဲ့ပြီး အနိုင်ရလဒ်ကိုလည်း ထိုက်တန်စွာ ရရှိခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ မန်ယူကတော့ တစ်သင်းလုံး ညံ့တယ်လို့တောင် ပြောလို့ရပြီး အင်ပြည့်အားပြည့် ယှဉ်ပြိုင်ခွင့်ရချိန်မှာ ဗိုင်းရပ်စ်ကူးစပ်မှုကြောင့် တစ်သင်းစာနီးပါး လူမစုံတဲ့ မန်စီးတီးကို အရေးနိမ့်ခဲ့ပြီး ဖလားတစ်လုံးကို လက်လွှတ်ခံရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အရေးနိမ့်ခဲ့တဲ့ မန်ယူကတော့ ဆိုးလ်ရှားလက်ထက် စတုတ္ထအကြိမ်မြောက် အကြို ဗိုလ်လုပွဲ အဆင့်မှာ အရေးနိမ့်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။ မန်ယူဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ချယ်လ်ဆီးကို FA ဖလား အကြိုဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီက မန်စီးတီးကို EFL ဖလား အကြိုဗိုလ်လုပွဲနဲ့ ဆီဗီလာကို ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲတို့မှာ ထပ်မံ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မေလဲ့သင်း