မန်ယူတို့ ဂရီရယ်လစ်ချ်ကို ခေါ်ယူမည်ဆိုက ပေါင်သန်း ၈၀ ပေးချေရမည်

၁၉  မေ

အက်စ်တွန်ဗီလာအသင်းမှ ဂျက်ဂရီရယ်လစ်ချ်သည် ယခုနွေရာသီတွင် အိုးထရက်ဖို့ဒ်သို့ နည်းပြ ဆိုးလ်ရှား ခေါ်ယူလိုနေသည့် အဓိကကစားသမားများထဲမှ တစ်ဦးဖြစ်သည်။ သို့သော်လည်း အက်စ်တွန်ဗီလာအသင်းသည် အဆိုပါ ကစားသမားအပေါ် ၎င်းတို့ သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးဖြင့်သာ ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ မန်ယူနည်းပြ ဆိုးလ်ရှားကလည်း လာမည့်ရာသီတွင် ကွင်းလယ်အင်အားကို ဖြည့်တင်းလိုနေကြောင်း သိရသည်။

အက်စ်တွန်ဗီလာအသင်းသည် ၎င်းတို့အသင်းအနေဖြင့် တန်းဆင်းရခဲ့လျှင်တောင် ၎င်းတို့ သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့်သာ ရောင်းချဖွယ်ရှိနေသည်။ အက်စ်တွန်ဗီလာအသင်းသည် အဆိုပါ ကစားသမားကို အသင်းတွင် ဆက်လက်ထိန်းထားရန် ဆန္ဒရှိနေသည်။ အသက် (၂၄ နှစ်)အရွယ်ရှိ ဂရီရယ် လစ်ချ်သည် အင်္ဂလန်တွင် တံခါးပိတ်ဖြင့် ဘောလုံးပွဲများ ပြန်လည်ကစားပါက တန်းဆင်းရမည့် အန္တရာယ်မှ လွတ်မြောက်နိုင်ရန် အသင်းအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ကစားဖွယ်ရှိနေသူ ဖြစ်သည်။ အက်စ်တွန်ဗီလာ အသင်းသည် ကိုဗစ်-၁၉ ကြောင့် ပွဲစဉ်များ ရပ်နားထားချိန်တွင် ၂၈ ပွဲ ကစားထားပြီး ရမှတ် ၂၅ မှတ်ဖြင့် တန်းဆင်းဇုန် အန္တရာယ်အတွင်း ကျရောက်နေသည်။

ဗီလာအသင်းပိုင်ရှင်များဖြစ်သည့် နာဆက်ဖ်ဆဝီရစ်နှင့် ဝက်စ်အီဒင်စ်တို့သည် မည်သည့်နည်းနှင့်မျှ ဂရီရယ်လစ်ချ် အပေါ်သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးထက်လျော့နည်းလျှင် ရောင်းထုတ်သွားမည်မဟုတ်ကြောင်း ဆိုထားသည်။ အဆိုပါ ပိုင်ရှင်နှစ်ဦးသည် အက်စ်တွန်ဗီလာအသင်းကို ပရီမီယာလိဂ်သို့တန်းတက်ခွင့်ရအောင် ငွေကြေးမြောက်မြားစွာအသုံးပြုထားကာ ယခုနှစ်ရာသီတွင်လည်း ပေါင်သန်း ၁၅၀ အထိ သုံးစွဲထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အက်စ်တွန်ဗီလာအသင်းသည် ၂၀၁၅၂၀၁၆ ရာသီနောက်ပိုင်း ယခုနှစ်တွင် ပထမဆုံးအကြိမ် ပရီမီယာလိဂ်သို့ တန်းတက်ခွင့်ရခဲ့သည့်အသင်းလည်းဖြစ်သည်။

အခြားသတင်းများတွင် မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား တိုလစ်ဆိုကိုလည်း ခေါ်ယူ ရန် ပစ်မှတ်ထားနေကြောင်း ဖော်ပြထားသည်။ ဘိုင်ယန် မြူးနစ်အသင်းကလည်း မန်စီးတီးအသင်းမှ ဂျာမနီတောင်ပံ ကစားသမား ဆာနေး (၂၄နှစ်) ကို ခေါ်ယူရေး ရန်ပုံငွေ မြှင့်တင်နိုင်ရန်အတွက် အဆိုပါ အသက် (၂၅နှစ်)အရွယ် ပြင်သစ်ကစားသမားကို အသင်းမှ ထွက်ခွာခွင့်ပြုဖွယ် ရှိနေကြောင်း သိရသည်။

ဂရီရယ်လစ်ချ်သည် အက်စ်တွန်ဗီလာအသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၇၆ ပွဲ ပါဝင်ကစားထားပြီး ၂၄ ဂိုး သွင်းယူ ပေးထားနိုင်ကြောင်း သိရသည်။

အောင်ဇော်