မတ်လတွင်ကျင်းပမည့်ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် သက်ထားသူဇာကြိုးပမ်းနေ

ဇန်နဝါရီ ၁၇



မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ်လတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကြီးမှူးကျင်းပမည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 


သက်ထားသူဇာသည် တိုကျိုအိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရရန် ကြိုးပမ်းနေသူဖြစ်ပြီး ယခုလအတွင်း ကျင်းပသည့် BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြန်လည်နုတ်ထွက်ခဲ့ရခြင်း  ဖြစ်သည်။

 

 

ကပ်ရောဂါမှာ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြိုင်ပွဲအချို့အား ရွှေ့ဆိုင်း/ဖျက်သိမ်းခြင်းများ ပြုလုပ်နေသလို သက်ထားသူဇာသည် ထိုင်းနိုင်ငံ၌ကျင်းပသည့် ထိုင်းအိုးပင်း ကြက်တောင်ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း ယှဉ်ပြိုင်ခွင့် ရရှိကြောင်း နောက်ကျမှသိရခြင်းနှင့် သွားလာရန်စီစဉ်ရာတွင် အခက်အခဲများရှိခဲ့ သောကြောင့် ပြိုင်ပွဲနှစ်ခုစလုံးမှ ပြန်လည်နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

 

 

သက်ထားသူဇာသည် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖေဖော်ဝါရီလကုန်အထိ ပြိုင်ပွဲများ ယှဉ်ပြိုင်မည်မဟုတ်ဘဲ မတ်လတွင် ဥရောပနိုင်ငံများ၌ကျင်းပမည့်  BWF ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

 

 

သို့သော် ကပ်ရောဂါအခြေအနေနှင့် ခရီးသွားလာနိုင်သည့် အနေအထားများအပေါ်တွင် မူတည်မည်ဖြစ်ကြောင်း သိရသည်။ သက်ထားသူဇာသည်  BWF ကကျင်းပနေသည့် Grade-2 ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

 


သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီအထိ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မတ်လကတည်းက ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ခြင်းမရှိရာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သည်။ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ပြန်လည်ကျင်းပရန် စီစဉ်ထားသည်။

 

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်