မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မိုးကြိုစပါးများ ရိတ်သိမ်းပြီး ကောက်ကြီးစပါးများ စတင်စိုက်ပျိုး

မန္တလေး ၈ ဇူလိုင်

 

ဆည်တော်ကြီးရေသောက် မိုးကြိုစပါးများ စိုက်ပျိုးကြသည့် စဉ့်ကူး မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်များရှိ လယ်မြေများတွင် မိုးကြိုစပါးများ ရိတ်သိမ်းပြီး ကောက်ကြီးခေါ် မိုးစပါးများစိုက်ပျိုးရန် ထွန်ရေးထည်ရေးများ ပြုလုပ်လာရာ ထွန်စက်အငှားလိုက်သူများ နေထွက်မှနေဝင် ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

 

မိုးကြိုစပါးများကို မတ်လနှင့် ဧပြီလများက စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်နီးပါး ရိတ်သိမ်းပြီးဖြစ်သည်။ မိုးကြိုစပါးအဖြစ် စပါးအမျိုးစားစုံ စိုက်ပျိုကြပြီး အထွက်နှုန်းကောင်းမွန်သောကြောင့် တောင်သူများအားထားသော သီးနှံစိုက်ရာသီဖြစ်သည်။ မိုးကြိုစပါးမှာ တစ်ဧကလျှင် စပါးတင်း ၁၀၀ ကျော် ရရှိကြပြီး ကောက်ကြီးခေါ် မိုးစပါးအတွက် အရင်းအနှီးရရန် ဆန်မဖြစ်ကြိတ်ခွဲ၍လည်းကောင်း၊ စပါးအဖြစ်လည်းကောင်း ချက်ချင်းရောင်းချလေ့ရှိရာ စပါးအရောင်းအဝယ် ကောင်းသောကာလဖြစ်သည်။

 

မိုးစပါးများ ရိတ်သိမ်းပြီးလျှင်ပြီးခြင်း ကောက်ကြီးစပါးအတွက် ထွန်ရေးထည်ရေးများ ပြုလုပ်ကြရာ ထွန်စက်အငှားလိုက်သူများ မိုးလင်းမှ မိုးချုပ်အထိ အငှားဝန်ဆောင်မှုများ ပေးနေရကြောင်း တွေ့ရသည်။ တောင်သူအများစုမှာ ယခုအခါတွင် ကျွဲ၊ နွား ထွန်ထည်များ မထားရှိတော့ဘဲ ထွန်စက်များသာ ငှားရမ်းအသုံးပြုလာကြသည်။

 

ထွန်စက်များကို စက်မှုလယ်ယာဦးစီးဌာနမှ အငှားဝန်ဆောင်မှုပေးနေသကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များမှလည်း ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ လယ်တစ်ဧက ထွန်ရေးထည်ရေးပြုလုပ်ရန် စရိတ်ကျပ်ခြောက်သောင်းကျော် ကုန်ကျပြီး စပါးတစ်ရာသီအတွက် ထွန်ထည် စရိတ်မျိုး ဓာတ်မြေသြဇာနှင့် ရိတ်သိမ်းခြွေလှေ့ပြီးအထိ ကျပ်သုံးသိန်းခန့် ကုန်ကျသည်။

 

မိုးစပါးများမှာ ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလခန့်တွင် ရိတ်သိမ်းနိုင်မည်ဖြစ်သည်။ မိုးကြိုစပါးအဖြစ် အမျိုးစားစုံ စပါးများစိုက်ပျိုးကြသော်လည်း မိုးစပါးအဖြစ် မဂျမ်းတော စပါးမျိုးကိုသာ စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် အချို့သော တောင်သူများက ဆောင်းသီးနှံတစ်မျိုးမျိုး စိုက်ပျိုးကြသော်လည်း အများစုမှာ စိုက်ပျိုးလေ့မရှိကြပေ။ တစ်နှစ်လျှင် သုံးသီးစိုက်ပါက မြေဆီမြေဓာတ်များ ကုန်ခမ်းပြီး မြေအရည်အသွေး ကျဆင်းသွားသွားနိုင်သဖြင့် ဆောင်းသီးနှံကို ချန်လှပ်စိုက်ပျိုးကြခြင်း ဖြစ်သည်။

 

အေးမြ(မန္တလေး)