မတူကွဲပြားမှုမှသည် ညီညွတ်မှုဆီသို့

ဇန်နဝါရီ ၂၅

 

နိုင်ငံတည်းဟူသော သဘောသဏ္ဌာန်နှင့် တိုင်းပြည်တည်းဟူသော အသွင်သဏ္ဌာန်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ များသောအားဖြင့် လူတို့သည် နိုင်ငံဟုဆိုလိုက်၊ တိုင်းပြည်ဟုဆိုလိုက်နှင့် တိုင်းပြည်နှင့်နိုင်ငံ၏ သဘောအဓိပ္ပာယ်ကို ကွဲကွဲပြားပြား မသိဘဲ ရော၍ပြောဆိုနေကြသည်။ အလားတူပင် ပြည်ထောင်စုသဘော အဓိပ္ပာယ်ကိုလည်း စစ်စစ်ပေါက်ပေါက် မသိရှိကြသေးပေ။ ပြည်ထောင်စုဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသောအရပ်ကို ပြည်ထောင်စုဟု အကြမ်းဖျင်းဆိုကြသည်။ မတူကွဲပြားသောလူ့အဖွဲ့အစည်းများ ညီညီညွတ်ညွတ် စုပေါင်းနေထိုင်မှသာ ပြည်ထောင်စုအစစ်ဖြစ်သည်။ ။

 

တိုင်းပြည်နှင့်နိုင်ငံကို စကားအရာမျှသာ ခွဲခြား၍ရမည်ဖြစ်သော်လည်း လက်တွေ့အရာတွင်ကား ခွဲခြား၍မရစကောင်းပေ။ နိုင်ငံသည် တိုင်းပြည်ရှိမှ တည်နိုင်သလို တိုင်းပြည်သည်လည်း နိုင်ငံရှိမှသာ တည်နေနိုင်သည်။ လူတို့သည် လူ့အဖွဲ့အစည်းကို ဖွဲ့စည်းရာ၌ တိုင်းပြည်တည်းဟူသော နေစရာပထဝီမြေနှင့် နိုင်ငံတည်းဟူသော အချုပ်အခြာအာဏာရပ်တို့ကို ပေါင်းစပ်ကာ ဖွဲ့စည်းကြရသည်။ ဓမ္မသဘောအားဖြင့်ပြောမည်ဆိုလျှင် တိုင်းပြည်တည်းဟူသော နေစရာပထဝီမြေသည် ရုပ်ခန္ဓာ၏ အသွင်သဏ္ဌာန်ဖြစ်၍ နိုင်ငံတည်းဟူသော အချုပ်အခြာအာဏာသည် နာမ်ခန္ဓာ၏သဘော သဏ္ဌာန်ဖြစ်သည်။ လူသည် ရုပ်နှင့်နာမ်ပေါင်းစပ်၍ ရှင်သန်ခြင်းဖြစ်ပြီး တိုင်းပြည်၊ နိုင်ငံသည်လည်း ထိုရုပ်နှင့်နာမ်ပေါင်းစပ်၍ ဖြစ်တည်နေခြင်းဖြစ်သည်။

 

နိုင်ငံဟူသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်သော အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ယင်းအချုပ်အခြာအာဏာရပ်၏ လွှမ်းတည်နေမှုပင်ဖြစ်သည်။ သို့ဖြစ်၍ သမိုင်းအစဉ်အလာနှင့် တည်တည်တံ့တံ့ စုစုစည်းစည်းဖြင့် နေထိုင်လာခဲ့ကြသော လူမျိုးစု သို့မဟုတ် လူပေါင်းစု သို့မဟုတ် လူ့အဖွဲ့အစည်းတို့၏ အချုပ်အခြာအာဏာရပ်ကို ပထဝီဝင်အရ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ထားအပ်သော နယ်မြေဒေသဖြစ်သည့် တိုင်းပြည်အတွင်း မတူကွဲပြားသောလူမျိုးစုများ၊ လူ့အသိုက်အဝန်းများ ညီညီညွတ်ညွတ် အေးအေးချမ်းချမ်း စုပေါင်းနေထိုင်နိုင်သော ပြည်ထောင်စုကို တည်ဆောက်ရမည်ဖြစ်သည်။

 

 

ယနေ့ ဖွံ့ဖြိုးတိုးတက်သော၊ တည်ငြိမ်အေးချမ်းသော ပြည်ထောင်စုနိုင်ငံများကို ကြည့်မည်ဆိုလျှင် နိုင်ငံသူ နိုင်ငံသားများသည် ပြည်ထောင်စု အဓိပ္ပာယ်ကို သဘောပေါက်နားလည် နေထိုင်လုပ်ကိုင်ကြ၍ နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်ခံ့နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စု သဘောအဓိပ္ပာယ်မှာ အရေးကြီးလှသည်။ "လူမျိုးအရ၊ ကိုးကွယ်တဲ့ဘာသာအရ၊ ပြောတဲ့ဘာသာစကားအရ၊ တစ်ယောက်နဲ့တစ်ယောက် မတူဘဲနဲ့ နေကြရပါတယ်။ မတူလို့ မတည့်စရာအကြောင်း ဘာမှမရှိပါဘူး။ မတူပေမယ့်လည်း တည့်အောင်နေနိုင်တယ်။ မတူကွဲပြားမှုကနေ ညီညွတ်မှု ထူထောင်နိုင်တယ်ဆိုတာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ထပ်တလဲလဲပြောနေတာပါ"ဟု ဇန်နဝါရီလ ၂၂ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နာဂဒေသ လေရှီးမြို့နယ်သို့ရောက်ရှိစဉ် ပြည်ထောင်စု၏ အဓိပ္ပာယ်နှင့် အရေးပါမှုကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။

 

“မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မတူကွဲပြားသော တိုင်းရင်းသားမျိုးနွယ်တစ်ရာကျော် စုပေါင်းနေထိုင်ကြသည်။ ပြည်ထောင်စု သဘောအဓိပ္ပာယ်ကို နားလည်ကြသူများရှိသလို သေချာစွာသဘော မပေါက်ကြသေးသူများလည်းရှိသည်။ ထို့ကြောင့် နားလည်သဘောပေါက်စေရန် ရှင်းပြခြင်းဖြစ်သည်။ ပြည်ထောင်စုသဘော အဓိပ္ပာယ်ကိုတိုင်းရင်းသား ပြည်သူအားလုံး စစ်စစ်ပေါက်ပေါက် သဘောပေါက်နားလည်ပါက အေးချမ်းသာယာဝပြောသော ပြည်ထောင်စုကြီး၊ နိုင်ငံတော်ကြီး၊ တိုင်းပြည်ကြီး ဖြစ်ပေါ်ကာ အေးချမ်းသာယာဝပြောမည်ဖြစ်သည်။

 

ပြည်ထောင်စုနိုင်ငံတွင် နေထိုင်ကြပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုသဘော အဓိပ္ပာယ်ကို နားလည်မှုမရှိဘဲ မိမိအသိုင်းအဝိုင်းလေး တစ်ခုတည်းအတွက် စဉ်းစားဆုံးဖြတ်လုပ်ကိုင်ကြမည်ဆိုလျှင် ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ကမ္ဘာသည် မည်မျှကျဉ်းမြောင်းသွားမည်ကို စဉ်းစားကြည့်နိုင်သည်။ ပြည်ထောင်စုအတွင်း အတူတကွ အစဉ်အဆက် နေထိုင်ကြရာ၌ မတူကွဲပြားမှုများရှိသော်လည်း၊ သဘောဆန္ဒများ ခြားနားကြသော်လည်း တစ်ဦးနှင့်တစ်ဦး၊ အသိုင်းအဝိုင်းတစ်ခုနှင့်တစ်ခု နားလည်မှု ရှိရှိ၊ အပေးအယူရှိရှိနှင့် ညီညွတ်မှုကိုထူထောင်နိုင်ပါမှ ပြည်ထောင်စုစစ်စစ်၊ တိုင်းပြည်နိုင်ငံ ခိုင်ခိုင်ခံ့ခံ့ ဖြစ်တည်နေမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ